ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ဖြစ်နေပေမယ့် အာဆင်နယ်အသင်းကိုပြောင်းဖို့ မယ်ရီနိုရွေးချယ်

0

စပိန်လက်ရွေးစင်ကွင်းလယ်လူ မယ်ရီနိုဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဆိုစီဒက်အသင်းကွင်းလယ်လူ မယ်ရီနိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ စပိန်အသင်းအတွက် ပါဝင်ကစားခွင့်ရချိန်တိုင်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးအချို့ရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာခဲ့သူပါ။

မယ်ရီနိုဟာ အပြောင်းအရွှေ့သတင်းတွေထွက်နေချိန်မှာ ဘာစီလိုနာအသင်းထက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပြီး သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့မေးခွန်းတွေက အဆုံးသတ်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ မယ်ရီနိုကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေသလို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ သူ့ရဲ့အမာခံပရိသတ်ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

မယ်ရီနိုဟာ စပိန်လူမျိုးနည်းပြ အာတီတာလက်ထက်မှာ အာဆင်နယ်အသင်းရဲ့တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် ကွင်းလယ်ပိုင်း ပိုပြီးအားကောင်းသွားမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ရာသီဆက်တိုက် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ နီးစပ်တဲ့အထိ စိန်ခေါ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးပုံစံတစ်ခုကို ပြသနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမား ဒေးဗစ်ရေယာကို ဘရန်ဖိုဒ့်အသင်းကနေ အပြီးသတ်ခေါ်ယူခဲ့ပြီး ဘိုလော့ဂ်နာအသင်းနောက်ခံလူ ကာလာဖီအိုရီကိုလည်း အားဖြည့်ထားပါတယ်။ အဲ့ဒါကြောင့် မယ်ရီနိုဟာ ဒီနွေရာသီမှာ အာဆင်နယ်အသင်းရဲ့တတိယမြောက်ကစားသမား ခေါ်ယူမှုဖြစ်လာမှာပါ။ အသက်(၂၈)နှစ်အရွယ်ရှိ မယ်ရီနိုဟာ ဆိုစီဒက်အသင်းအတွက် (၂၄၂)ပွဲကစားထားပြီး စပိန်လက်ရွေးစင်အသင်းအတွက် (၂၈)ပွဲကစားထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *