စပိန်နိုင်ငံကို သွားရောက်ပြီး အက်သလက်တီကိုထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ ဂယ်လက်ဂါ စီစဉ်

0

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါဟာ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးနောက် အပြောင်းအရွှေ့အပြီးသတ်ဖို့အတွက် စပိန်နိုင်ငံကို ထွက်ခွာဖို့စီစဉ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါအတွက် အက်သလက်တီကိုအသင်းရဲ့ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းမှုကို လက်ခံထားပြီး ဂယ်လက်ဂါကလည်း အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့တာပါ။

ဂယ်လက်ဂါဟာ ဒီနေ့မှာ စပိန်နိုင်ငံကို ထွက်ခွာပြီး အက်သလက်တီကိုအသင်းနဲ့ ၂၀၂၉ ဇွန်အထိရှိမယ့် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါအတွက် အက်သလက်တီကိုအသင်းကမ်းလှမ်းတာထက်ပိုပြီး အင်္ဂလိပ်ကလပ်အသင်းတွေဆီကနေ ကမ်းလှမ်းမှုကို ရရှိခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ မရောင်းချဘဲ အက်သလက်တီကိုအသင်းထံ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို ရောင်းချဖို့မဆုံးဖြတ်ခင် စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ဂယ်လက်ဂါဟာ စာချုပ်ကမ်းလှမ်းမှုကို မနှစ်သက်တာကြောင့် ပယ်ချခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ ဂယ်လက်ဂါနဲ့အတူ ဗလင်စီယာအသင်းကွင်းလယ်လူ ဂျာဗီဂူရာကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အက်သလက်တီကိုအသင်းဟာ အစောပိုင်းက ဂယ်လက်ဂါကို မခေါ်ယူနိုင်ခဲ့ရင် ဂူရာကို အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အကယ်ဒမီထွက် ဂယ်လက်ဂါ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် ဆဲလ်တစ်အသင်းကွင်းလယ်လူ မတ်အိုရီလေးကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *