အယ်လ်ဗာရက်ဇ်အတွက် အက်သလက်တီကိုနဲ့ မန်စီးတီး ပေါင်(၈၁.၅)သန်းနဲ့ သဘောတူညီမှုရရှိ

0

အက်သလက်တီကိုအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်(၈၁.၅)သန်းနဲ့ ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်အတွက် မန်စီးတီးအသင်းကို ကနဦးပြောင်းရွှေ့ကြေးပေါင်(၆၄.၄)သန်းပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီး Add-ons ပေါင်(၁၇.၁)သန်းထပ်ပြီးပေးချေရမှာပါ။

အယ်လ်ဗာရက်ဇ်ရဲ့အပြောင်းအရွှေ့ဟာ မန်စီးတီးအသင်းအတွက် ကလပ်စံချိန်တင်ရောင်းချမှုဖြစ်ပြီး ၂၀၂၂ နွေရာသီက စတာလင်ကို ချယ်လ်ဆီးအသင်းထံ ပေါင်သန်း(၅၀)နဲ့ ရောင်းချခဲ့တာကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို မရောင်းချချင်ဘဲ ဆက်ပြီးထိန်းသိမ်းချင်ခဲ့ပေမယ့် အယ်လ်ဗာရက်ဇ်က ပွဲကစားချိန်ပိုပြီးလိုချင်တာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားခဲ့ပြီး အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်က ထွက်ခွာခဲ့တာကြောင့် အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့မယ့်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဥရောပထိပ်သီးအချို့က ပစ်မှတ်ထားခဲ့ပေမယ့် အက်သလက်တီကိုအသင်းက သူတို့ရဲ့အဓိကပစ်မှတ်ကို ပြိုင်ဘက်အသင်းတွေဆီ မရောက်ရှိအောင် ကြိုးပမ်းခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းပစ်မှတ် တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေတာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂယ်လက်ဂါကို ခေါ်ယူဖို့လည်း သဘောတူညီမှုရရှိထားတာပါ။

၂၀၂၂ က မန်စီးတီးအသင်းကို ရေးဗားပလိတ်အသင်းကနေ ပေါင်(၁၄.၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် (၁၀၃)ပွဲကစားပြီး (၃၆)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား ၊FA ဖလား တို့ကိုရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *