အာဖရိက (၂)သင်းကို၊ ဥရောပ (၂)သင်းက အနိုင်ယူခဲ့တဲ့ အိုလံပစ် (အမျိုးသားဘောလုံး) ဆီးမီးဖိုင်နယ်

0

မော်ရိုကို(၁-၂)စပိန်
ပြင်သစ်(၃-၁)အီဂျစ်
(အိုလံပစ်အမျိုးသားဘောလုံးဆီမီးဖိုင်နယ်)

၂၀၂၄ ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ဆီမီးဖိုင်နယ်ပွဲတွေမှာ ဥရောပ(၂)သင်းက အာဖရိက(၂)သင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမတိုင်ခင်ကတည်းက ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီ၊ အာဆင်နယ်အသင်းဖော်ဟောင်းကလစ်ချီတို့ ကိုင်တွယ်နေတဲ့ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေအများအပြားပါဝင်တဲ့ စပိန်ကလည်း ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

ချန်ပီယံရေပန်းစားမှု (၁၊ ၂)အသင်းတွေပီပီ ပြိုင်ဘက်တွေကို ဖြတ်ကျော်ပြီး ပြင်သစ်နဲ့ စပိန်တို့ ဗိုလ်လုပွဲအထိကို အရောက်လှမ်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ဆီမီးဖိုင်နယ်မှာ နှစ်သင်းစလုံး အာဖရိကအသင်းတွေကို ဂိုးတွေအရင်ပေးခဲ့ရပြီးမှ နောက်ကနေ လိုက်ကစားပြီး ချေပဂိုး၊ အနိုင်ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အုပ်စုမှာ အာဂျင်တီးနားအသင်းကို အငြင်းပွားဖွယ်အနိုင်ယူခဲ့တဲ့ မော်ရိုကိုအသင်းက ပထမပိုင်းမှာ ပယ်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် စပိန်အသင်းအတွက် ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဖာမင်လိုပက်ဇ်က ဒုတိယပိုင်း(၆၅)မိနစ်မှာ ချေပဂိုး၊ ဟွမ်လူဆန်ချက်ဇ်က (၈၅)မိနစ်မှာ အနိုင်ဂိုးတွေသွင်းခဲ့တာပါ။ ဆန်းချက်က်ဇ်ရဲ့ဂိုးကို ဖာမင်လိုပက်ဇ်ကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ (၂-၁)ရလဒ်နဲ့ မော်ရိုကိုအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အိမ်ရှင်ပြင်သစ်အသင်းလည်း အီဂျစ်ကို ပုံမှန်ပွဲချိန်အတွင်း အနိုင်မရခဲ့ဘဲ အချိန်ပိုကစားခဲ့ရပါတယ်။ အီဂျစ်အသင်းဘက် ဒုတိယပိုင်း(၆၂)မိနစ်မှာ ပေးခဲ့ရတဲ့ဂိုးကို မိနစ်(၈၀)ကျော်အထိ မချေပနိုင်တာကြောင့် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ပွဲချိန်(၈၃)မိနစ်မှ မာတီတာက ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ပုံမှန်ပွဲချိန်မှာ (၁-၁)ရလဒ်ဖြစ်နေလို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာ မာတီတာကပဲ ပွဲချိန်(၉၉)မိနစ်မှာ တစ်ဂိုး၊ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဘိုင်ယန်ကစားသမားသစ် အိုလီဆေက (၁၀၈)မိနစ်မှာ တစ်ဂိုး ထပ်သွင်းပြီး ပွဲချိန်မိနစ်(၁၂၀)အပြီးမှာ (၃-၁)ရလဒ်နဲ့နိုင်ခဲ့တာပါ။

အိုလံပစ် (အမျိုးသားဘောလုံး)ပြိုင်ပွဲမှာ လွန်ခဲ့တဲ့ (၃၂)နှစ်ဖြစ်တဲ့ ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲကတည်းက ဥရောပအသင်းတွေ ချန်ပီယံမဖြစ်တော့ဘဲ အာဖရိကအသင်းတွေက(၂)ကြိမ်၊ တောင်အမေရိကအသင်းတွေက(၄)ကြိမ်၊ မြောက်အမေရိကအသင်းက(၁)ကြိမ် ချန်ပီယံဆု ရယူခဲ့ပါတယ်။

အခုနှစ်မှာတော့ ဥရောပ(၂)သင်း ဗိုလ်လုပွဲတက်တာကြောင့် ဥရောပအသင်းတွေ ချန်ပီယံဆု(ရွှေဆု)နဲ့ ကင်းကွာနေတာကို အဆုံးသတ်နိုင်တော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *