အိမ်ကွင်းအန်ဖီးလ်မှာ တစ်ရက်တည်း ခြေစမ်းပွဲ(၂)ပွဲ ကစားခဲ့တဲ့ လီဗာပူးလ်အသင်း

0

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ ရာသီကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲတွေကစားလျက်ရှိနေရာမှာ နောက်ဆုံးခြေစမ်းပွဲ(၂)ပွဲကို တစ်ရက်အတွင်းမှာ ထူးထူးခြားခြားကစားခဲ့ပါတယ်။

မနေ့က (သြဂုတ်၁၁ ရက်နေ့) တစ်ရက်တည်းမှာ စပိန်ကလပ်အသင်း(၂)သင်းနဲ့ ရာသီကြိုခြေစမ်းပွဲ(၂)ပွဲကို အိမ်ကွင်းအန်ဖီးလ်မှာ ကစားခဲ့တာပါ။

လီဗာပူးလ်ကစားသမားတွေကို နှစ်သင်းခွဲပြီး ပထမတစ်သင်းက စပိန်ကလပ်ဆီဗီလာအသင်းနဲ့ ဗြိတိန်စံတော်ချိန် နေ့လည်(၁၂း၃၀)မှာ ကစားခဲ့ပါတယ်။ ဒုတိယတစ်သင်းက စပိန်ကလပ်အသင်းပဲဖြစ်တဲ့ လက်စ်ပါမားအသင်းနဲ့ ညနေ(၅း၀၀)နာရီမှာ ကစားခဲ့ပါတယ်။

ပထမတစ်သင်းမှာ အယ်လစ်ဆန်(ဂိုး)၊ ဗန်ဒိုက်၊ ဒီယက်ဇ်၊ ဆိုဘို့ဆလိုင်း၊ မက်အလစ္စတာ၊ ဆာလာ၊ ဂျိုတာ၊ အာနိုးလ်အစရှိတဲ့ ပထမကစားသမားအများအပြားပါဝင်ခဲ့ပြီး ဆီဗီလာကို(၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက်ဂိုးတွေကို ဂျိုတာ(၃၀ မိနစ်)၊ ဒီယက်ဇ် (၃၉၊ ၄၅+၁ မိနစ်)၊ နယိုနီ(၆၇ မိနစ်)တို့က သွင်းယူပေးခဲ့ပါတယ်။

ဒုတိယတစ်သင်းမှာတော့ ကယ်လက်ဟာ(ဂိုး)၊ အန်ဒို၊ နူညက်ဇ်၊ ကာတစ်ဂျူံးစ်၊ ဂတ်ပို၊ အီလီယော့၊ ရော်ဘတ်ဆန်၊ ဘရက်ဒလေ အစရှိတဲ့ကစားသမားတွေပါဝင်ခဲ့ပြီး လက်စ်ပါမားနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ပထမပွဲကို အန်ဖီးလ်ကွင်းအတွင်း ပရိသတ်(၅၉၁၂၂)ဦးအထိ လာကြည့်ခဲ့ပြီး ဒုတိယပွဲက ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ ရာသီကြို ခြေစမ်းပွဲ(၆)ပွဲကစားခဲ့ပြီး ပွဲဦးမှာ ပရက်စတန်အသင်းကို (ဝ-၁)ဂိုးနဲ့ရှုံးခဲ့သလို နောက်ဆုံးပွဲမှာ လက်စ်ပါမားအသင်းကို ဂိုးမရှိသရေကျခဲ့ပါတယ်။ ကျန်(၄)ပွဲမှာ ဘက်တစ်၊ အဆင်နယ်၊ မန်ယူနိုက်တက်၊ ဆီဗီလာ အစရှိတဲ့အသင်းတွေကို အနိုင်ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *