ကစားသမားတစ်ဦးကို ကြမ်းတမ်းစွာဆဲဆိုနေတဲ့ ရုပ်သံကြောင့် ဝေဖန်ခံနေရတဲ့ ကွန်ပနီ

0

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီဟာ သူ့ရဲ့အသင်းဟောင်း ဘန်လေမှာ ကစားသမားတစ်ဦးကို ကြမ်းကြမ်းတမ်းတမ်း အဆက်မပြတ်ဆဲဆိုနေတဲ့ရုပ်သံကြောင့် ပရိသတ်တွေရဲ့ပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဘန်လေကစားသမားတစ်ဦးဖြစ်သူ အိုက်စလန်ကွင်းလယ်လူဂျိုဟန်ဘတ်ဂူမန်ဆန်ကို နောက်ကလိုက်ပြီး ဆဲဆိုတဲ့စကားလုံးတွေ(၁၅)ကြိမ်တိုင်တိုင်သုံးပြီး ဆူပူကြိမ်းမောင်းခဲ့တာပါ။

နာမည်ကြီးရုပ်သံ Sky က ဘန်လေအသင်းအကြောင်း ရိုက်ကူးဖော်ပြတဲ့ ‘Mission to Burnley’ မှတ်တမ်းရုပ်ရှင်မှာ ဘန်လေအသင်းကို ကွန်ပနီကိုင်တွယ်ခဲ့စဉ်တုန်းက အဖြစ်အပျက်တွေ ပါဝင်ခဲ့တာပါ။

ဒီမှတ်တမ်းရုပ်ရှင်ထဲက ဂျိုဟန်ဘတ်ဂူမန်ဆန်ကို ကွန်ပနီဆဲဆိုကြိမ်းမောင်းနေတဲ့ (၈၉)စက္ကန့်ကြာ ဗီဒီယိုကလစ်အတိုကလေးက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

ဒီအထဲမှာ ကွန်ပနီက ဂျိုဟန်ဘတ်ဂူမန်ဆန်ကို “ဂျိုယေး၊ ငါ့ကို (f***ing ) — တောင် လာမစမ်းနဲ့။ မင်း (f***ing ) — လို ညည်းတွားနေတာ တော်လောက်ပြီ။ ဘောလုံးကိုပဲ (f***ing )ကောင်းကောင်းကစားစမ်းပါကွာ။ မင်း (f***ing )အရာရာတိုင်းကို ကြိုးစားပမ်းစားလုပ်ကွ။ (f***ing )အားကြိုးမာန်တက်ကစားစမ်း။ ငါမင်းကို (f***ing )ပြောနေတာ ဘယ်နှခါရှိပြီလဲ။ ညည်းတွားနေတာကို (f***ing )ရပ်စမ်း” အစရှိသဖြင့် (f***ing )ဆိုတဲ့ စကားလုံးကို (၁၅)ကြိမ်တိုင် ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒီလိုပြောဆိုတာက နည်းပြတစ်ဦးအနေနဲ့ ကစားသမားတစ်ဦးကို လိုအပ်တာထက်ပိုမို ဖိနှိပ်နေသလိုဖြစ်နေပြီး အနိုင်ကျင့်သလိုဖြစ်နေတယ်လို့ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပြုရေးသားကြပါတယ်။

ပရိသတ်တချို့ကလည်း ဒီလိုကစားသမားတွေကို ဒေါသတကြီးကိုင်တွယ်နေပုံမျိုးနဲ့ ဘိုင်ယန်မြူးနစ်မှာ ကွန်ပနီအဆင်ပြေမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

မန်စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်နောက်ခံလူဟောင်း ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် တာဝန်မယူခင် အင်္ဂလန်ကလပ် ဘန်လေအသင်းကို (၂)ရာသီကိုင်တွယ်ခဲ့ပြီး ပထမရာသီမှာ လိဂ်ချန်ပီယံရှစ်ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်စေခဲ့ပါတယ်။ ဒုတိယရာသီမှာတော့ သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရပြီး ရာသီကုန်မှာ တန်းဆင်းခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *