လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီး ဆိုစီဒက်မှာ ဇူဘီမန်ဒီ ဆက်ရှိမယ်လို့ သတင်းထွက်ပေါ်

0

ဒီနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီဟာ လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီး ငယ်ဘဝကလပ် ဆိုစီဒက်အသင်းမှာ ဆက်ရှိမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ငြင်းပယ်ခဲ့ဖူးတဲ့ ဇူဘီမန်ဒီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းနည်းပြသစ် အာနီဆလော့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်တာကြောင့် လီဗာပူးလ်အသင်းက သူ့ကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုတွေရှိခဲ့တာပါ။

ဒါပေမယ့် ဇူဘီမန်ဒီဟာ ဆိုစီဒက်အသင်းမှာပဲ ဆက်ပြီးရှိချင်ခဲ့တာကြောင့် အခုအချိန်မှာ ဒီအပြောင်းအရွှေ့ဟာ ပိတ်သွားခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဇူဘီမန်ဒီဟာ အစောပိုင်းက လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ဆိုစီဒက်အသင်းက သူ့ရဲ့စိတ်ကိုပြောင်းလဲသွားနိုင်အောင် ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်မှုရရှိသွားခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီအတွက် ဆိုစီဒက်အသင်းကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ယူရိုသန်း(၆၀)ပေးချေဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး အင်္ဂလန်ကို ပြောင်းလာခဲ့ရင်လည်း ငွေကြေးအများအပြားပေးဖို့ မက်လုံးတွေပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဇူဘီမန်ဒီဟာ သူနာမည်ရလာခဲ့တဲ့ ဆိုစီဒက်အသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီကို မခေါ်ယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ကွင်းလယ်မှာ လုံလောက်တဲ့ ရွေးချယ်မှုတွေရှိတယ်လို့ ယုံကြည်ထားတာပါ။ လီဗာပူးလ်အသင်းအကြီးအကဲ ရစ်ချတ်ဟုချ်က ဇူဘီမန်ဒီဟာ လီဗာပူးလ်အသင်းထံ ပြောင်းမယ့်စကားကို ပြောခဲ့တယ်လို့ယုံကြည်ခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အခုအချိန်ထိ ကစားသမားတစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးတဲ့အပေါ် ပရိသတ်တွေရဲ့မေးခွန်းထုတ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ကစားသမားသစ်တွေခေါ်ယူဖို့ ကလပ်အသင်းကို တိုက်တွန်းမှုပြုလုပ်ထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *