ရီးရဲလ်မက်ဒရစ်မှာ ရနေတာထက်(၁၃)ဆ ပိုများတဲ့လစာနဲ့ ဗင်နီစီယပ်စ်ကို ဆော်ဒီ ကမ်းလှမ်း

0

ဆော်ဒီပရိုလိဂ်အကြီးအကဲတွေဟာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်ရှိသူရနေတဲ့ လစာထက်(၁၃)ဆပိုမိုများပြားတဲ့ လစာနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

စီရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ ကွန်တေတို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီစီယပ်စ်ကို ခေါ်ယူနိုင်ဖို့ပါ ကြိုးပမ်းလာတာပါ။

ge.globo.com က ဆော်ဒီအများပြည်သူရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)ဟာ ဗင်နီစီယပ်စ်ကို အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတစ်ခုနဲ့ပတ်သက်ပြီး သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ထံ နှုတ်နဲ့ပေးပို့ထားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ PIF ရဲ့ကမ်းလှမ်းမှုဟာ (၅)နှစ်အတွင်းယူရို(၁)ဘီလီယံတန်ကြေးရှိတယ်လို့ သိရတာပါ။ PIF ကမ်းလှမ်းထားတဲ့ တစ်နှစ်လစာအရဆိုရင် ဗင်နီစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရရှိနေတဲ့ လစာထက်(၁၃)ဆပိုပြီးများပြားနေပါတယ်။

ဒါ့အပြင် ဗင်နီစီယပ်စ်အနေနဲ့ စာချုပ်သက်တမ်းပြည့်ချိန်အထိ ဆော်ဒီမှာ ဆက်နေဖွယ်ရှိ၊ မရှိကိုလည်း လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပြုမယ်လို့ သိရတာပါ။ လက်ရှိဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ လစာအများဆုံးရရှိသူအဖြစ် တစ်နှစ်ကိုယူရိုသန်း(၂၀၀)ဝန်းကျင်ရရှိနေတာဖြစ်ပါတယ်။ PIF ဟာ ဆော်ဒီပရိုလိဂ်အသင်းကြီးတွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့ကို (၇၅)%ပိုင်ဆိုင်ထားတာပါ။

ဗင်နီစီယပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့စာချုပ်ဟာ (၃)နှစ်ကျန်ရှိနေသေးတာကြောင့် အယ်လ်အာလီအသင်းအနေနဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုရရှိဖို့လိုအပ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဗင်နီစီယပ်စ်အတွက် ပြောင်းရွှေ့ကြေးယူရို(၁)ဘီလီယံတောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *