အာနီဆလော့လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ လီဗာပူးလ် နီးစပ်

0

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဂျော်ဂျီယာအသင်းဂိုးသမား မာမာဒက်ရှ်ဗီလီကို ဗလင်စီယာအသင်းကနေ ခေါ်ယူဖို့ နီးစပ်နေပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကြယ်ပွင့်ဖြစ်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့သလို ချက်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ဂိုးကာကွယ်မှု(၁၁)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့သူပါ။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက မာမာဒက်ရှ်ဗီလီနဲ့ လီဗာပူးလ်အသင်းတို့ရဲ့အပြောင်းအရွှေ့ပြီးမြောက်ပြီလို့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဖော်ပြထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မာမာဒက်ရှ်ဗီလီကို ယူရိုသန်း(၃၀)ကျော်နဲ့ ခေါ်ယူဖို့လုပ်ဆောင်နေပြီး လီဗာပူးလ်အသင်းနဲ့ မာမာဒက်ရှ်ဗီလီတို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတာပါ။ လီဗာပူးလ်အသင်းဟာ မာမာဒက်ရှ်ဗီလီကို ခေါ်ယူပြီးချိန်မှာ အငှားပြန်ချဖို့ရှိနေတာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် မာမာဒက်ရှ်ဗီလီဟာ နည်းပြသစ်အာနီဆလော့လက်ထက် လီဗာပူးလ်အသင်းရဲ့ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာမှာပါ။ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တစ်ဦးမှခေါ်ယူမှု ပြုလုပ်ရခြင်းမရှိသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်လည်း ဖြစ်ပါတယ်။

၂၀၂၁ က ဗလင်စီယာအသင်းကို ရောက်ရှိလာခဲ့တဲ့ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာ လာလီဂါပွဲစဉ်(၁)ပွဲသာလွဲချော်ခဲ့တဲ့အထိ ဗလင်စီယာအသင်းရဲ့အရေးပါတဲ့သူဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဆော်ဒီပရိုလိဂ်ပစ်မှတ်ဖြစ်တဲ့ အဓိကဂိုးသမား အယ်လီဆန်ကို ဆုံးရှုံးရနိုင်တာကြောင့် မာမာဒက်ရှ်ဗီလီကို ခေါ်ယူပြီး အနာဂတ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *