အင်္ဂလန်ကလပ် ဘန်လေအသင်းကို ရောက်လာတဲ့ သားရော်နယ်လ်ဒင်ဟို

0

ဘရာဇီးလ်ဂန္ထဝင်ရော်နယ်လ်ဒင်ဟိုရဲ့သားဖြစ်သူဂျော်အိုမန်ဒက်စ်ဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းကိုရောက်ရှိလာပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးသူ ဂျော်အိုမန်းဒက်စ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လကမှ ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းကနေ ဘာစီလိုနာအသင်းကို ရောက်လာခဲ့သူပါ။

ဘာစီလိုနာလူငယ်အသင်းမှာသာ ကစားခွင့်ရခဲ့တဲ့ဂျော်အိုမန်ဒက်စ်အနေနဲ့ ဘန်လေအသင်းနဲ့ (၂)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ကြောင်း သိရှိရပါတယ်။

ဒါကြောင့် မန်ဒက်စ်ဟာ ဘန်လေအသင်းကြီးမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နိုင်ပါတယ်။ မန်ဒက်စ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂို၊ ဗာစကိုဒဂါးမား၊ ဘိုအာဗစ်စတာ၊ ခရူဇီယာရို အသင်းတွေမှာ လူငယ်ကစားသမားဘဝ ဖြတ်သန်းခဲ့တဲ့ မန်ဒက်စ်ဟာ အသက်(၁၈)နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိလာပြီး ဘာစီလိုနာ လူငယ်အသင်းမှာပဲ ကစားနေရသူဖြစ်ပါတယ်။

မန်ဒက်စ်အနေနဲ့ စပိန်ပတ်စ်ပို့စ်ကိုင်ဆောင်ထားသူဖြစ်လို့ ဖခင်ဖြစ်သူလို ဘရာဇီးလ်လက်ရွေးစင်ကစားသမားအဖြစ်သာမက စပိန်နိုင်ငံကိုယ်စားပြုပြီး စပိန်လက်ရွေးစင်အဖြစ်လည်း ကစားခွင့်ရှိနေပါတယ်။

အသက်ငယ်ရွယ်စဥ်မှာပဲ ကလပ်အသင်းစုံမှာ ဖြတ်သန်းကစားဖူးနေတဲ့ မန်ဒက်စ်တစ်ယောက် ဖခင်ဖြစ်သူရဲ့ ခြေရာနင်းပြီး နာမည်ကျော်ကစားသမားဘဝကို ပိုင်ဆိုင်နိုင်မလားဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *