ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်ကို နယူးကာဆယ် စတုတ္ထအကြိမ် ကမ်းလှမ်း

0

နယူးကာဆယ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းကို တတိယအကြိမ်မြောက်ကမ်းလှမ်းမှုပြုလုပ်တာ ပယ်ချခံရပြီးနောက် စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းရဲ့စတုတ္ထအကြိမ်မြောက်ကမ်းလှမ်းမှုဟာ ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းလိုချင်နေတဲ့ အနည်းဆုံးပြောင်းရွှေ့ကြေးပေါင်(၆၅)သန်းနဲ့ နီးစပ်မှုရှိလာခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ ဂူဟီအတွက် ပေါင်(၅၅)သန်း၊Add-ons ပေါင်(၅)သန်းနဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ခရစ္စတယ်ပဲလေ့စ်အသင်း ပယ်ချခဲ့တာဖြစ်ပါတယ်။ ဂူဟီအတွက် နယူးကာဆယ်အသင်းရဲ့ကမ်းလှမ်းမှုအသစ်တန်ကြေးကို အတည်မပြုနိုင်သေးပေမယ့် ပေါင်(၆၅)သန်းနဲ့ နီးစပ်မှုရှိခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းသာ ဂူဟီအတွက် ကမ်းလှမ်းမှုအသစ်ကို လက်ခံခဲ့ရင် နယူးကာဆယ်အသင်းဟာ အပြောင်းအရွှေ့ပြုလုပ်လို့ရပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်း အားကစားဒါရိုက်တာ ပေါလ်မစ်ချယ်လ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းပူးတွဲပိုင်ရှင် တို့အကြား အရေးကြီးတဲ့ ဆွေးနွေးမှုပြုလုပ်အပြီးမှာ ကမ်းလှမ်းမှုအသစ်ထွက်ပေါ်လာခဲ့တာပါ။ အပြောင်းအရွှေ့ဖြစ်ခဲ့ရင် ဂူဟီဟာ နယူးကာဆယ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားခေါ်ယူမှုဖြစ်လာမယ်လို့ သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်လည်း ဂူဟီရဲ့ပြောင်းရွှေ့မှုဟာ ၂၀၁၉ က မန်ယူနိုက်တက်အသင်းထံ ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ နောက်ခံလူဟောင်း ဝမ်ဘစ်ဆာကာနောက်ပိုင်း ကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားရောင်းချမှုဖြစ်လာမှာပါ။

အသက်(၂၄)နှစ်အရွယ်ရှိ ဂူဟီဟာ ၂၀၂၁ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး (၁၁၁)ပွဲကစားကာ (၅)ဂိုးသွင်းယူခဲ့ပါတယ်။ ဂူဟီဟာ ပြီးခဲ့တဲ့ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *