ပြင်းထန်တဲ့ ဦးခေါင်းခွံ ဒဏ်ရာကြောင့် လိုင်လီကွင်းလယ်လူ ဂိုမက်စ်ကို ဆေးရုံပို့ခဲ့ရ

0

မနေ့က ရင်းမ်စ်(ဝ-၂)လိုင်လီ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ လိုင်လီကွင်းလယ်လူ အိန်ဂျယ်လ်ဂိုမက်စ်ဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သတိလစ်သွားခဲ့လို့ ဆေးရုံတင်ထားရပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ အိန်ဂျယ်လ်ဂိုမက်စ်ဟာ ပွဲချိန်(၁၁)မိနစ်မှာ ရင်းမ်စ်ကွင်းလယ်လူ အမာဒူနဲ့ တိုက်မိခဲ့ပြီးနောက် ကွင်းထဲမှာ မိနစ်(၃၀)ကြာ ကုသမှုခံယူခဲ့ရတာပါ။

အိန်ဂျယ်လ်ဂိုမက်စ်ကို ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်သွားချိန်မှာ အသင်း(၂)သင်းရဲ့ပရိသတ်တွေက သူ့ရဲ့နာမည်ကို သီဆိုမှုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း အသင်း(၂)သင်းဟာ ပြင်သစ်ဘာသာနဲ့ “Take care Angel” ဆိုပြီးရေးသားထားတဲ့ ရင်းမ်စ်အသင်းဂျာစီကို ကိုင်ကာ ဓါတ်ပုံအတူတွဲရိုက်ခဲ့ကြတာကို လိုင်လီအသင်းက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တာပါ။ လိုင်လီအသင်းဥက္ကဋ္ဌက အိန်ဂျယ်လ်ဂိုမက်စ်ရဲ့အခြေအနေဟာ ကောင်းမွန်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

လိုင်လီအသင်းနည်းပြ ဂျီနီဆီယိုက ဒဏ်ရာအခြေအနေပြင်းထန်တာကို ကွင်းထဲမှာ ကုသမှုမြန်မြန်ဆန်ဆန်မပြီးဆုံးခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ ကစားသမားဟောင်း အိန်ဂျယ်လ်ဂိုမက်ဇ်ထံ မက်ဆေ့ချ်ပေးပို့မှုတွေပြုလုပ်သွားခဲ့ပါတယ်။ အိန်ဂျယ်လ်ဂိုမက်စ်ဟာ အသက်(၆)နှစ်အရွယ် ၂၀၀၆ က မန်ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး စီနီယာအသင်းကြီးအတွက်(၁၀)ပွဲပါဝင်ကစားခဲ့တာပါ။

အိန်ဂျယ်လ်ဂိုမက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၂၀၂၀ သြဂုတ်က လိုင်လီအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ အိန်ဂျယ်လ်ဂိုမက်စ်ဟာ လိုင်လီအသင်းအတွက်(၁၁၆)ပွဲကစားထားပြီး (၈)ဂိုးသွင်းယူထားကာ အင်္ဂလန်ယူ-၂၁ အသင်းအတွက်(၁၈)ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *