ယောကျ်ားချင်း လက်သရမ်းခံရပြီး မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ ဂျေးဆူး

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် အာဆင်နယ်(၂-ဝ)ဝုလ်ဗ်စ်ပွဲမှာ အာဆင်နယ်တိုက်စစ်မှူးဂျေးဆူကတော့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတယ်လို့ ဆိုရမလိုပါပဲ။

ဖြစ်ပုံက ယောကျာ်းချင်းလက်သရမ်းလည်းခံရ၊ အဝါကတ်လည်း ပြခံရဖြစ်ခဲ့တာပါ။

ဒီပွဲမှာ အာဆင်နယ်အသင်း(၂-ဝ)ဂိုးနဲ့ အနိုင်ရချိန် ပွဲချိန်(၈၇)မိနစ်မှာ ဂျေးဆူက သူ့ရဲ့ညာဘက်ခြေထောက် ဖိနပ်ထဲမှာ အံမဝင်လို့ ခါးကုန်းပြီး ဖိနပ်ကို ပြင်ဝတ်ခဲ့ပါတယ်။

ဒီလို ခါးကုန်းထားတဲ့ ဟန်ပန်အမူအရာက ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ကိုလံဘီယာနောက်ခံလူ မော့စ်ကွယ်ရာကို အတော်လေး ဆွဲဆောင်ခဲ့ပါတယ်။

ဂျေးဆူအနားက ဖြတ်လျှောက်သွားတဲ့ မော့စ်ကွယ်ရာတစ်ယောက် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဂျေးဆူရဲ့ ခန္ဓာကိုယ်နောက်ပိုင်းကို လက်နဲ့ကိုင်တွယ် အသားယူပါတော့တယ်။

အမှတ်မထင် မိမိရဲ့ဂိုးပေါက်ကို ခြိမ်းခြောက်ခံလိုက်ရတဲ့ ဂျေးဆူတစ်ယောက် ဒေါသဖြစ်ပြီး မော့စ်ကွယ်ရာကို တွန်းထုတ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဂိုးပေါက်ခြိမ်းခြောက်သူ မော့စ်ကွယ်ရာရဲ့လုပ်ရပ်ကို ဒိုင်လူကြီးက မမြင်တာလား၊ ခွင့်လွှတ်တာလားတော့ မသိပါဘူး။

ပြဿနာဖန်တီးခဲ့တဲ့သူက အဝါကတ်အပြမခံရဘဲ မိမိရဲ့ကာယအိန္ဒြေကို အထိပါးမခံဘဲ ထိန်းသိမ်းတုံ့ပြန်ခဲ့တဲ့ ဂျေးဆူက (မော့စ်ကွယ်ရာကို တွန်းလဲခဲ့ခြင်းအတွက်)အဝါကတ်အပြခံလိုက်ရပါတယ်။

ဒါကြောင့် ဂျေးဆူရဲ့အဖြစ်က ယောကျာ်းချင်းလက်သရမ်းလည်းခံရ၊ အဝါကတ်လည်း ပြခံရ မိအေးနှစ်ခါနာလို့ ပြောရတော့မှာပါပဲ။

မော့စ်ကွယ်ရာဟာ ဒီပွဲမှာ အာဆင်နယ်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်ကိုလည်း လည်မျိုကို လက်နဲ့ဖိခဲ့တဲ့ လုပ်ရပ်ကျူးလွန်ခဲ့ပြီး ဒီဖြစ်ရပ်မှာလည်း အဝါကတ်တောင် အပြမခံရဘဲ အရေးယူမှုက ကင်းလွတ်ခဲ့လို့ သူ့အတွက်တော့ ပွဲရှုံးပေမယ့် လက်သရမ်းရတာ တန်ခဲ့တဲ့ပွဲလို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *