အဖေထက် သားတစ်လကြီးတာ မဖြစ်နိုင်ပေမယ့် နည်းပြထက်(၇)နှစ်ကြီးတဲ့ ဂျိမ်းစ်မီလ်နာ

0

“အဖေထက် သား တစ်လကြီး”ဆိုတဲ့ မြန်မာ စကားရှိပါတယ်။

တကယ်တော့ မဖြစ်နိုင်ပေမယ့် သားဖြစ်သူက အဖေထက် လက်စောင်းထက်နေတာမျိုး၊ ပိုမိုရှေ့ရောက်ပြီး သာလွန်နေတာမျိုးမှာ တင်စားသုံးနှုန်းတဲ့ စကားပါ။

ဒါပေမယ့် ..
“နည်းပြထက် ကစားသမားက (၇)နှစ်ကြီး”ဆိုတာမျိုးကတော့ အမှန်တကယ်ရှိပါတယ်။

ဘရိုက်တန်အသင်းနည်းပြ ဖေဘီယန်ဟာဇယ်လာထက် ကစားသမားဖြစ်သူ ဂျိမ်းစ်မီလ်နာက (၇)နှစ်နဲ့ (၅၃)ရက်တိတိ အသက်ကြီးနေတာပါ။

အမေရိကန်/ဂျာမန်လူမျိုးနည်းပြ ဖေဘီယန်ဟာဇယ်လာက ၁၉၉၃ ဖေဖော်ဝါရီ(၂၆)ရက်နေ့မှ မွေးဖွားတာဖြစ်လို့ အသက်(၃၁)နှစ်သာရှိသေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာလည်း အသက်အငယ်ဆုံးနည်းပြအဖြစ် စံချိန်တင်ခဲ့သူပါ။

ဘရိုက်တန်အသင်းရဲ့ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ၁၉၈၆ ဇန်နဝါရီ(၄)ရက်နေ့မှာ မွေးဖွားသူဖြစ်တာကြောင့် သူ့အသက်က အခုအချိန်မှာ (၃၈)နှစ်ရှိပြီဖြစ်ပါတယ်။

ဒါကြောင့် ကစားသမားနဲ့နည်းပြကြား အသက်ကွာခြားမှုက ပြောင်းပြန်ဖြစ်နေပြီး (၇)နှစ်အထိတောင် ကွာဟနေတာပါ။ ဒီလိုကွာဟတာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း ကစားသမားက နည်းပြထက် အသက်အရွယ်အများဆုံးပိုကြီးခြင်းအဖြစ် စံချိန်မှတ်တမ်းတစ်ရပ် ဖြစ်သွားစေပါတယ်။

အရင်က နည်းပြထက် ကစားသမားက အသက်ပိုကြီးတာမျိုးတွေ ပရီးမီးယားလိဂ်မှာ ရှိခဲ့ဖူးပေမယ့် ဒီလို (၇)နှစ်ကျော်အထိ ကွာဟတာမျိုး မရှိခဲ့ဖူးတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *