ကစားသမားဟောင်း ဂွန်ဒိုဂန်ကို ပြန်လည်ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှု အပြည့်အဝရရှိ

0

မန်စီးတီးအသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ ကွင်းလယ်လူဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းကနေ အလွတ်နဲ့ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုအပြည့်အဝရရှိခဲ့ပြီး ကာလတိုစာချုပ်ချုပ်ဆိုသွားမယ်လို့ The Athletic က ဖော်ပြထားပါတယ်။ ဂွန်ဒိုဂန်ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်က မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ရာသီကြာသာကစားအပြီးမှာ မန်စီးတီးအသင်းထံ ပြန်လာတော့မှာပါ။

The Athletic က ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ (၁)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့မယ့် သူ့ရဲ့အပြောင်းအရွှေ့အဆင်ပြေချောမွေ့စေဖို့အတွက် ဘာစီလိုနာအသင်းကနေ ရရှိမယ့် လက်ကျန်လစာတွေကိုပါ စွန့်လွှတ်သွားဖို့ ရှိနေတာပါ။ ဂွန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၅၀)ကျော်ပါဝင်ကစားခဲ့ပြီး လာလီဂါရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြအပြောင်းအလဲကြောင့် ဂွန်ဒိုဂန်ဟာ နည်းပြသစ် ဟန်ဆီဖလစ်ရဲ့အစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ ဘာစီလိုနာအသင်းရဲ့ပြောဆိုမှုကို ခံခဲ့ရတာပါ။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းထံ ပြန်လာဖို့အတွက် နည်းပြ ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဂွါဒီယိုလာကလည်း ဒီအပြောင်းအရွှေ့ကို ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။ ဂွန်ဒိုဂန်ဟာ ဂွါဒီယိုလာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်တဲ့ ၂၀၁၆ မှာ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆာဗင်ဟိုတစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဂွန်ဒိုဂန်က ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမှာပါ။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ပွဲပေါင်း(၃၀၄)ပွဲပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *