အူဂါတေးကို PSG ကနေ ပေါင်(၅၁)သန်းနဲ့ ခေါ်ဖို့ မန်ယူနိုက်တက် နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

0

မန်ယူနိုက်တက်အသင်းဟာ ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို PSG အသင်းကနေ ပေါင်(၅၁)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ Get Football News France သတင်းမှာ ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ အူဂါတေးကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေကို အဆတ်မပြတ်ပြုလုပ်နေတာပါ။

PSG အသင်းဟာ အူဂါတေးကို ပြီးခဲ့တဲ့နှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်(၅၁)သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာကြောင့် ဒီပြောင်းရွှေ့ကြေး ပမာဏမရရင် ရောင်းချဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။ အူဂါတေးဟာ ပြီးခဲ့တဲ့ရာသီအစက PSG အသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နေရာဆုံးရှုံးခဲ့ပြီး နည်းပြအင်းနရစ်ရဲ့ကစားကွက်နဲ့ အဆင်မပြေသလို ဖြစ်ခဲ့တာပါ။

PSG အသင်းနည်းပြ အင်းနရစ်ဟာ အူဂါတေးကို မနှစ်သက်ပေမယ့် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ အူဂါတေးဟာ ကလပ်အသင်းမှာ အကျိုးသက်ရောက်မှုတွေရှိမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ အူဂါတေးဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းမှာ ခက်ခဲခဲ့ပေမယ့် ပွဲပေါင်း(၃၇)ပွဲပါဝင်ကစားခဲ့ပြီး ပြည်တွင်းဖလား(၃)လုံးရယူနိုင်ခဲ့တာပါ။ အူဂါတေးဟာ ရာသီကြိုခြေစမ်းပွဲတွေမှာရော ပြီးခဲ့တဲ့ ပြင်သစ်လီဂူး-၁ အဖွင့်ပွဲစဉ်မှာပါ PSG အသင်းရဲ့လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၁ မှာ ဥရုဂွေးအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အူဂါတေးဟာ နိုင်ငံအသင်းအတွက် (၂၂)ပွဲပါဝင်ကစားခွင့်ရထားတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ
ကြီးကြီးမားမားလှုပ်ရှားမှုတွေပြုလုပ်နေပြီး တိုက်စစ်မှူး ဇက်ခ်ဇီ၊ နောက်ခံလူတွေဖြစ်တဲ့ ယိုရို၊ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *