၂၂.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဒီနွေရာသီမှာ အသင်းသစ်ရှာဖွေဖို့ ချယ်လ်ဆီးအသင်းရဲ့ပြောဆိုခြင်းခံထားရတဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိချင်နေပါတယ်။ စတာလင်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် သူကတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့်ရဖို့ မျှော်လင့်နေတာကြောင့် ပရီးမီးယားလိဂ်မှာပဲ ဆက်ပြီးရှိချင်နေတာဖြစ်ပါတယ်။

■ အာဆင်နယ်အသင်းဟာ အတ္တလန်တာအသင်းကြယ်ပွင့် လွတ်မန်းကို ခေါ်ယူဖို့အတွက် ပေါင်(၄၂)သန်းအပြင် နောက်ခံလူ ခီဗီရောကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အဲဗာတန်၊လက်စတာနဲ့ ဖူလ်ဟမ်အသင်းတွေမှာ ကစားခဲ့တဲ့ လွတ်မန်းကို ခေါ်ယူဖို့ PSG အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာအသင်းဟာ အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ကို ၂၀၂၉ ဇွန်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၁၄၅)ပွဲကစားထားပြီး (၄၈)ပွဲပေးဂိုးမပေးရအောင် စွမ်းဆောင်ထားတာဖြစ်ပါတယ်။

■ နာပိုလီအသင်းဟာ စကော့တလန်ကွင်းလယ်လူ ဂီလ်မောကို ခေါ်ယူဖို့အတွက် ဘရိုက်တန်အသင်းနဲ့ နှုတ်သဘောတူညီမှုရခဲ့ပြီး အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ အသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်နေပါတယ်။ ပြောင်းရွှေ့ကြေးက Add-ons တွေအပါအဝင် ယူရို(၁၈)သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

■ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့တဲ့ နောက်ခံလူ ဆာဂျီရောဘတ်တိုဟာ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်ကိုင်တွယ်နေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဆာဂျီရောဘတ်တိုကိုခေါ်ယူဖို့ ဖိအိုရမ်တီးနားနဲ့ အိုင်းယက်စ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ဖာဘရီဂတ်စ်နဲ့ ပြန်လည်လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

■ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ မန်စီးတီးအသင်းနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေမှာ အငှားကစားပြီး မန်စီးတီးအသင်းထံ ပြန်ရောက်နေပေမယ့် ပြီးခဲ့တဲ့ မန်စီးတီးအသင်းရဲ့ပွဲစဉ်(၂)ပွဲစလုံးမှာ လူစာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *