စပါး-အဲဗာတန်ပွဲကို တိုက်စစ်မှူးအသစ် ဆိုလန်ကီ လွဲချော်မယ်လို့ ပိုစတီကိုဂလူး အတည်ပြု

0

ဒီနေ့ကစားမယ့် စပါး-အဲဗာတန် ပရီးမီးယားလိဂ်ပွဲစဉ်ကို တိုက်စစ်မှူးအသစ် ဆိုလန်ကီလွဲချော်မယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ အတည်ပြုခဲ့ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘုန်းမောက်အသင်းကနေ ပေါင်(၆၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ လက်စတာအသင်းနဲ့(၁)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။

အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီဟာ လက်စတာအသင်းနဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ခြေချင်းဝတ်ဒဏ်ရာခံစားခဲ့ရတာဖြစ်ပါတယ်။ ဆိုလန်ကီရဲ့ဒဏ်ရာဟာ မပြင်းထန်ပေမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာပါ။ ဒါ့အပြင် ဆိုလန်ကီဟာ လာမယ့်နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ဖို့မသေချာဘူးလို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆိုခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ဆိုလန်ကီဟာ လက်စတာနဲ့ ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့အတွက် အဲဗာတန်နဲ့ ပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။ သူပြန်လာနိုင်ဖို့က သူ့ရဲ့ကောင်းမွန်မှုအပေါ်မှာမူတည်ပါတယ်။ ဒဏ်ရာကတော့ မပြင်းပါဘူး”လို့ ဆိုခဲ့တာပါ။

လက်စတာအသင်းနဲ့ ပွဲမှာ ဒဏ်ရာစိုးရိမ်မှုရှိခဲ့တဲ့ နောက်ခံလူ ပေါ်ရိုနဲ့ Laughing Gas ရှုရှိုက်လို့ ကလပ်ရဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတဲ့ ကွင်းလယ်လူ ဘစ်ဆူးမားတို့ဟာ အဲဗာတန်အသင်းနဲ့ ပွဲကို ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာအသင်းနဲ့ ပွဲမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ဘန်တန်ကာကတော့ အဲဗာတန်အသင်းနဲ့ ပွဲကို မပါဝင်နိုင်ဘူးလို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အတည်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *