ဘရိုက်တန်-ခရော်လေပွဲမှာ မတ်အိုရီလေး ပြင်းထန်စွာ ဖျက်ထုတ်ခံခဲ့ရတဲ့အပေါ် နည်းပြ ဟာဇယ်လာ ဒေါသထွက်နေ

0

မနေ့က ဘရိုက်တန်(၄-ဝ)ခရော်လေ ကာရာဘောင်းလိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်ကစားသမားသစ် မတ်အိုရီလေးဟာ ခရော်လေကစားသမား ဂျေဝီလီယံစ်ရဲ့ပြင်းထန်တဲ့ဖျက်ထုတ်ခြင်းခံရတဲ့အပေါ် ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာဟာ ဒေါသထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆဲလ်တစ်အသင်းကနေ ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မတ်အိုရီလေးဟာ ဘရိုက်တန်အသင်းအတွက် ပွဲဦးထွက်အဖြစ် ခရော်လေအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ခဲ့တာပါ။

ဒါပေမယ့် မတ်အိုရီလေးဟာ ပွဲချိန်(၉)မိနစ်မှာတင် ပြင်းထန်တဲ့ဖျက်ထုတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပေမယ့် သူ့ကိုဖျက်ထုတ်ခဲ့တဲ့ ဂျေဝီလီယံစ်ဟာ ဒီအဖြစ်အပျက်မှာ အဝါကတ်တောင်ပြသခံခဲ့ရခြင်း မရှိတာဖြစ်ပါတယ်။ မတ်အိုရီလေးဟာ ဒီဒဏ်ရာကြောင့် ကွင်းထဲကနေ ချိုင်းထောက်နဲ့ ထွက်ခွာခဲ့ရတာကြောင့် ဟာဇယ်လာက ဒီဖျက်ထုတ်မှုအပေါ် ဒေါသထွက်နေခဲ့တာပါ။

ဟာဇယ်လာက” အဓိပ္ပါယ်မရှိတဲ့ ပြစ်ဒဏ်ကျူးလွန်မှုပါ။ ဘောလုံးနဲ့လည်း ဘယ်လိုမှမဆိုင်တာပါ။ ဒီလိုမျိုးဖျက်ထုတ်မှုတွေမပြုလုပ်သင့်ပါဘူး။ ဒဏ်ရာအခြေအနေအရမ်းမဆိုးဖို့ မျှော်လင့်ပါတယ်”လို့ ပွဲအပြီးမှာ Sky Sports ကို ပြောခဲ့ပါတယ်။

ခရော်လေအသင်းနည်းပြ လင်ဆေးက သူ့ကစားသမားရဲ့ဖျက်ထုတ်မှုကြောင့် မတ်အိုရီလေး ဒဏ်ရာရသွားခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ နည်းပြသစ် ဟာဇယ်လာလက်ထက်မှာ ကစားထားတဲ့(၃)ပွဲစလုံးကို အနိုင်ရခဲ့ပြီး ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *