ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီထံ အိုစီမန် ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

0

ချယ်လ်ဆီးအသင်းအပါအဝင် အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြတ်ခဲ့တဲ့ နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက နာပိုလီအသင်းနဲ့ အယ်လ်အာလီအသင်းတို့ဟာ အိုစီမန်အတွက် ပြောင်းရွှေ့ကြေးယူရို(၆၅)သန်းကျော်တန်ကြေးရှိတဲ့ သဘောတူညီချက်ပြီးဆုံးလုနီးပါးဖြစ်နေပြီလို့ ဖော်ပြထားတာပါ။

အိုစီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကနေ ထွက်ခွာချင်နေပြီး နာပိုလီအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေနဲ့ စီးရီးအေနောက်ဆုံး(၂)ပွဲစလုံး ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အိုစီမန်ဟာ အယ်လ်အာလီအသင်းကို အရေးကြီးတဲ့လုပ်ခလစာနဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ထည့်သွင်းပေးဖို့တောင်းဆိုထားတယ်လို့ ဖာဘရီဇီယိုရိုမန်နိုရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။ Sky Sportsကတော့ အိုစီမန်ဟာ လက်ရှိအချိန်ထိဥရောပကို ပြောင်းရွှေ့ဖို့ပိုပြီးနှစ်သက်နေဆဲဖြစ်တယ်လို့ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့အပါအဝင် ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာလည်း အိုစီမန်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်(၁၁)ဦးခေါ်ယူထားပေမယ့် နည်းပြသစ် မာရက်စ်ကာက တိုက်စစ်မှူးအသစ်တစ်ဦးလိုချင်တယ်လို့ ပြီးခဲ့တဲ့မီဒီယာတွေနဲ့တွေ့ဆုံမှုမှာ ဆိုထားတာပါ။

နာပိုလီအသင်းဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာကြောင့် အိုစီမန်ရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံး ပြီးမြောက်နိုင်ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။

နည်းပြ ကွန်တီကိုင်တွယ်နေတဲ့ နာပိုလီအသင်းဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ဗီရိုနာအသင်းကို(ဝ-၃)ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ ဘိုလော့ဂ်နာအသင်းကို(၃-ဝ)ဂိုးနဲ့ ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *