ရမ်စဒေးလ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ ဆောက်သမ်တန် သဘောတူညီမှုရရှိ

0

ဆောက်သမ်တန်အသင်းဟာ အင်္ဂလန်ဂိုးသမား ရမ်စဒေးလ်ကို ကနဦးပြောင်းရွှေ့ကြေးပေါင်(၁၈)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာဆက်ပြီးရှိနေမယ်ဆိုရင် ရမ်စဒေးလ်အတွက် အာဆင်နယ်အသင်းကို နောက်ထပ်ပေါင်(၁)သန်းနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ကာ Add-ons ပေါင်(၆)သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ရမ်စဒေးလ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုရမယ်ဆိုရင် သူ့ကိုထွက်ခွာနိုင်တယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ အစောပိုင်းက ဖီယင်နုအသင်းဂိုးသမား ဂျက်စတင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီးနောက် ရမ်စဒေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။ ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ဂိုးသမား ဒေးဗစ်ရေယာကြောင့် ပွဲကစားခွင့်ဆုံးရှုံးခဲ့ပြီး အာဆင်နယ်အသင်းရဲ့နံပတ်(၂)ဂိုးသမားဖြစ်သွားခဲ့ပါတယ်။

ရမ်စဒေးလ်ကို ခေါ်ယူဖို့ ဝုလ်ဗ်စ်အသင်းကလည်း ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးများပြားခဲ့တာကြောင့် ခေါ်ယူမယ့်အစီအစဉ်ကနေ ထွက်ခွာခဲ့တာပါ။ အဲ့ဒါကြောင့် ရမ်စဒေးလ်ဟာ ဆောက်သမ်တန်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပြီး မကြာခင်မှာ အပြောင်းအရွှေ့ကို အတည်ပြုဖွယ်ရှိနေပါတယ်။ ၂၀၂၁ နွေရာသီက ရှက်ဖီးယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းအတွက်ပွဲပေါင်း(၈၉)ပွဲပါဝင်ကစားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဂိုးသမား ရမ်စဒေးလ် ဆောက်သမ်တန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးနောက် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် အက်စပန်ညိုအသင်းဂိုးသမား ဂါစီယာနဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေပြုုလုပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *