ချယ်လ်ဆီးထံက စတာလင်ကို တစ်ရာသီအငှားခေါ်ယူကြောင်း အာဆင်နယ်အသင်း ကြေညာ

0

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ ချယ်လ်ဆီးအသင်းကနေ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ခေါ်ယူကြောင်း ကြေညာလိုက်ပါတယ်။

စတာလင်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာရဲ့အစီအစဉ်မှာ မပါဝင်ဘူးလို့ ပြောဆိုခြင်းခံရပြီးနောက် အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ စတာလင်ကို ရာသီအကုန်ထိသာ အငှားစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ရာသီကုန်ချိန်မှာ မဖြစ်မနေဝယ်ယူခွင့်မပါဝင်ဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ စတာလင်မတိုင်ခင် ဒီနွေရာသီအပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းကနေ အငှားနဲ့ကစားခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရေယာ၊ဘိုလော့ဂ်နာအသင်းနောက်ခံလူ ကာလာဖီအိုရီ၊ဆိုစီဒက်အသင်းကွင်းလယ်လူ မယ်ရီနိုတို့ကို အပြီးသတ်ဝယ်ယူခဲ့ပြီး ဘုန်းမောက်အသင်းဂိုးသမား နက်တိုကို ရာသီအကုန်ထိ အငှားနဲ့ခေါ်ယူခဲ့တာပါ။

စတာလင်က “မယုံနိုင်စရာကောင်းတဲ့ ခံစားချက်ဖြစ်ပြီး အလွန်စိတ်လှုပ်ရှားနေပါတယ်။ အာဆင်နယ်က ကျနော့်အတွက် ကွက်တိအံ့ဝင်မယ့်အသင်းပါ။ အာဆင်နယ်မှာ စည်းလုံးညီညွတ်မှုနဲ့ အောင်ပွဲအတွက် ဆာလောင်မှုတွေကို မြင်တွေ့ရပြီး ဒီစည်းလုံးညီညွတ်တဲ့အသင်းရဲ့အစိတ်အပိုင်းဖြစ်ချင်ပါတယ်”လို့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်ဆိုခဲ့ပါတယ်။

အစောပိုင်းက စတာလင်ရဲ့တစ်ပတ်လုပ်ခလစာပေါင်( ၃၂၅,၀၀၀)ဟာ အပြောင်းအရွှေ့အတွက် အတားအဆီးဖြစ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အငှားကာလအတွင်း သူ့ရဲ့လစာကို ခွဲဝေပေးဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အဲ့ဒါကြောင့် စတာလင်ဟာ မန်စီးတီးအသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်ပြီးလက်တွဲအလုပ်လုပ်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *