၂၉.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အဲဗာတန်အသင်းဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ မန်ဂါလာကို လိုင်ယွန်အသင်းကနေ အငှားနဲ့ခေါ်ယူဖို့ ဒီနေ့မှာ ဆေးစစ်မှုတွေပြုလုပ်ပြီး အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့လုပ်ဆောင်မယ်လို့ သိရပါတယ်။ အဲဗာတန်အသင်းဟာ မန်ဂါလာကို အငှားနဲ့သာခေါ်ယူတာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်မပါဝင်ဘူးလို့ သိရပါတယ်။

■ အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ကင်စလေကိုးမန်းကို ခေါ်ယူဖို့ လှုပ်ရှားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာချင်နေတဲ့ ကင်စလေကိုးမန်းကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ဘုန်းမောက်အသင်းဟာ ချယ်လ်ဆီးအသင်းဂိုးသမား ကယ်ပါကို ဒီရာသီအကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ အငှားကစားခဲ့တဲ့ ကယ်ပါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်(၁)နှစ်သက်တမ်းတိုးပြီးနောက် အငှားထွက်ခွာခဲ့တာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်ဟာ မြောက်အိုင်ယာလန်လက်ရွေးစင်ကစားသမားဘဝက အနားယူကြောင်းကြေညာခဲ့ပါတယ်။ ဂျွန်နီအီဗန်စ်ဟာ မြောက်အိုင်ယာလန်အသင်းအတွက်(၁၈)နှစ်ကြာ ပွဲပေါင်း(၁၀၇)ပွဲပါဝင်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ ခရော်လေအသင်းနဲ့ ကာရာဘောင်းဖလားဒုတိယအဆင့်ပွဲစဉ်မှာ ပြင်းထန်စွာဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဘရိုက်တန်အသင်းကွင်းလယ်လူ မတ်အိုရီလေးဟာ ခြေချင်းဝတ်ခွဲစိတ်ကုသမှုခံယူရမယ်လို့ နည်းပြ ဟာဇယ်လာက အတည်ပြုခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆဲလ်တစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မတ်အိုရီလေးဟာ ခွဲစိတ်မှုကြောင့် လအနည်းငယ်ကြာအနားယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *