၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားဆုဆွတ်ခူးခဲ့တဲ့ ဗစ်ဇ်

0

လေဗာကူဆင်အသင်းရဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ဟာ ၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဗစ်ဇ်ဟာ ဒီရာသီ ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြကစားခဲ့ပြီး ကလပ်အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအမှတ်ပေးချန်ပီယံဆုကို လေဗာကူဆင်အသင်း ဆွတ်ခူးခဲ့ရာမှာ သူ့ရဲ့ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေက အဓိကကျခဲ့ပါတယ်။

ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဗစ်ဇ်ဟာ (၃၂)ပွဲကစားခဲ့ပြီး (၁၁)ဂိုးသွင်းကာ (၁၁)ဂိုးဖန်တီးခဲ့ပါတယ်။ ဒီရာသီလေဗာကူဆင်အသင်းမှာ ဗစ်ဇ်ထက် ဂိုးပိုသွင်းထားတာက နိုင်ဂျီးရီးယားတိုက်စစ်မှူးဘွန်နီဖေ့စ်တစ်ဦးတည်းသာရှိပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် (၁၆)ပွဲကစားထားပြီး (၁)ဂိုးသွင်းထားတဲ့ဗစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိထားသူဖြစ်ပြီး ဒီရာသီမှာတော့ အသင်းအတွက် ပိုမိုခြေစွမ်းပြကစားနိုင်ခဲ့လို့ ဘွန်ဒစ်လီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို (၃)ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ရာသီကုန်ချိန်မှာလည်း ၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗစ်ဇ်အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အသင်းအတွက် (၄)ဂိုးသွင်းကာ (၄)ဂိုးဖန်တီးပေးထားပြီး အသင်းမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ လေဗာကူဆင်အသင်း ချန်ပီယံဖြစ်ခဲ့ရင် ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရဖို့ပါ ရေပန်းစားနေပါတယ်။

ဗစ်ဇ်ဟာ လေဗာကူဆင်အသင်းမှာ ၂၀၁၉-၂၀ ရာသီကတည်းက စတင်ကစားခဲ့ပြီး ကစားခဲ့တဲ့ (၅)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၅၀)ကစားကာ (၄၁)ဂိုးသွင်းယူပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *