(၄၄)နှစ်ကြာ ဆပ်မိုင်ယာတင်ထားတဲ့ ပွဲအများဆုံး ဘိုင်ယန်ကစားသမားစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ မူလာ

0

မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်(၂) ဘိုင်ယန်မြူးနစ်(၂-ဝ)ဖရိုင်းဖတ်ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ဘိုင်ယန်မြူးနစ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားတဲ့ ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။

မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂန္ထဝင်ဂိုးသမားဆပ်မိုင်ယာရဲ့ပွဲအများဆုံးစံချိန်(၇၀၉ ပွဲ)ကို တစ်ပွဲအသာရပြီး (၇၁၀)ပွဲနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဖရိုင်းဖတ်နဲ့ပွဲမှာ မူလာက ပွဲချိန်(၅၉)မိနစ်မှ ပြင်သစ်တောင်ပံကစားသမားအိုလီဆေနဲ့ လူစားလဲကာ ကွင်းထဲဝင်လာပြီး ပွဲချိန်(၇၈)မိနစ်မှာ အသင်းအနိုင်ရဖို့ သေချာစေမယ့် ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူလာအနေနဲ့ ဒီနောက်ပိုင်းအသင်းမှာ ပွဲအစကနေ အဆုံးအထိ ပွဲချိန်ပြည့်ကစားခွင့်နည်းပါးလာပေမယ့် အသင်းရဲ့ပွဲတွေမှာ ပုံမှန်ကစားခွင့်ရနေတာကြောင့် သူ့ရဲ့ပွဲအရေအတွက်က ပုံမှန်ရှေ့ဆက်နေတာပါ။

ဒီရာသီဘွန်ဒစ်လီဂါမှာလည်း နှစ်ပွဲလုံးအရန်ကစားသမားအဖြစ်သာပါဝင်ခွင့်ရပေမယ့် ပွဲရဲ့ဒုတိယပိုင်းမှာ လူစာထိုးကစားခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲအများဆုံးစံချိန်ရှင် ဆပ်မိုင်ယာဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၀ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းမှာ (၁၈)နှစ်တိုင် ကစားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း(၇၀၉)ပွဲ ကစားခဲ့ပါတယ်။

မူလာကတော့ ၂၀၀၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းမှာ (၁၆)နှစ်တိုင် ကစားခဲ့ပြီး ဘွန်ဒစ်လီဂါ (၄၇၅)ပွဲအပါအဝင် ပြိုင်ပွဲစုံပွဲပေါင်း(၇၁၀)ပွဲ ကစားခဲ့တာပါ။

ဒါကြောင့် ၁၉၈၀ ခုနှစ်ကတည်းက ဆပ်မိုင်ယာတင်ထားခဲ့တဲ့ အဓိကစံချိန်တစ်ခုက နောင်(၄၄)နှစ်အကြာမှာ မူလာရဲ့ရိုက်ချိုးကျော်ဖြတ်မှုကို ခံခဲ့ရတာပါ။ ဒီစံချိန်ကရောဘယ်လောက်အထိ တည်မြဲနေမလဲ … နောက်ထပ်ဘယ်ဘိုင်ယန်မြူးနစ်ကစားသမားက ရိုက်ချိုးကျော်ဖြတ်နိုင်မလဲဆိုတာ …

Leave a Reply

Your email address will not be published. Required fields are marked *