ငွေကြေးသုံးစွဲမှုမလျှော့ချနိုင်သေးဘဲ နွေရာသီမှာလည်း ဦးဆောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း

0

ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင်သစ်ဖြစ်တဲ့ အမေရိကန်ဘီလျံနာသူဌေး တော့ဒ်ဘိုလေးနဲ့ အပေါင်းပါလက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးဘုံးဗောလအောအသုံးပြုခဲ့တာအတွက် ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့PSR Rules(Profit and Sustainability Rules)ကြောင့် ကလပ်အသင်းတွေအနေနဲ့ ငွေကြေးများစွာအရှုံးပေါ်မှာ၊ ထွက်ငွေများပြားမှာစိုးရိမ်ပြီး ချင့်ချိန်သုံးစွဲနေရချိန်မှာ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့ငွေကြေးသုံးစွဲမှုတွေကို မလျှော့ချနိုင်သေးတာကို တွေ့ခဲ့ရပါတယ်။

တော့ဒ်ဘိုလေးနဲ့ အပေါင်းပါတွေ ဝယ်ယူပြီးနောက် ကစားသမားခေါ်ယူမှုတွေအတွက် ဘီလီယံချီသုံးစွဲထားတဲ့ ချယ်လ်ဆီးအသင်းဟာ PSR Rules ရဲ့ခြိမ်းခြောက်မှုတွေ ဘယ်လောက်ရှိရှိ သူတို့ရဲ့ငွေကြေးသုံးစွဲမှုတွေကို မလျှော့ချနိုင်သေးဘဲ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလမှာ ငွေကြေးအများဆုံးသုံးစွဲတဲ့ကလပ်အသင်းအဖြစ် ထိပ်ဆုံးက ဦးဆောင်ခဲ့ပြန်ပါတယ်။

ဂျော်အိုဖီးလစ်၊ နက်တိုအစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၁၀)ဦးခေါ်ယူမှုအတွက် ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေးစုစုပေါင်း ယူရို(၂၆၁)သန်းသုံးစွဲခဲ့တာပါ။ ဒါကြောင့် အသင်းပိုင်ရှင်သစ်တွေရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားသစ်ခေါ်ယူမှုတွေအတွက် သုံးစွဲမှုစုစုပေါင်းက ယူရို(၁.၅)ဘီလီယံဝန်းကျင်အထိ ဖြစ်လာပါတယ်။

၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလ ငွေကြေးအများဆုံးသုံးစွဲတဲ့ကလပ်အသင်းစာရင်းရဲ့ ဒုတိယနေရာမှာ ဘရိုက်တန်အသင်းက ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို(၂၃၁.၂)သန်းနဲ့ ရပ်တည်နေပါတယ်။ ဘရိုက်တန်အသင်းအနေနဲ့ ဘောလုံးလောကရဲ့နာမည်ကြီးကစားသမားတွေမပါဝင်ဘဲ မင်တာ၊ ရက်တာ၊ အိုရီလေးအစရှိတဲ့ ကစားသမားတွေအပါအဝင် ပရိသတ်တွေနဲ့ များစွာမရင်းနှီးတဲ့ကစားသမား(၉)ဦးခေါ်ယူထားတာဖြစ်ပေမယ့် ငွေသုံးစွဲမှုမှာ ယူရိုသန်း(၂၀၀)ကျော်ပြီး ဒုတိယနေရာမှာ ရှိနေတာပါ။

တတိယနေရာမှာ ယိုရို၊ ဇက်ဇီ၊ ဒီလစ်၊ မက်ဇ်ရာအူရီ၊ အူဂါတေး အစရှိတဲ့ ကစားသမားတွေခေါ်ယူထားတဲ့ မန်ယူနိုက်တက်က ယူရို(၂၁၄.၅)သန်းနဲ့ရပ်တည်နေပါတယ်။

ငွေကြေးသုံးစွဲမှုအများဆုံး(၁၀)သင်းစာရင်းမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအစရှိတဲ့ စပိန်ထိပ်သီးကလပ်တွေမပါတော့ဘဲ ပရီးမီးယားလိဂ်ကလပ် (၆)သင်း၊ အီတလီကလပ်(၂)သင်း၊ စပိန်ကလပ်(၁)သင်း၊ ပြင်သစ်ကလပ်(၁)သင်း ပါဝင်ခဲ့ပါတယ်။

၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလ ငွေကြေးအများဆုံးသုံးစွဲတဲ့ကလပ်အသင်းများ

■ ချယ်လ်ဆီး – ယူရို(၂၆၁)သန်း
■ ဘရိုက်တန် – ယူရို(၂၃၁.၂)သန်း
■ မန်ယူနိုက်တက် – ယူရို(၂၁၄.၅)သန်း
■ အက်သလက်တီကို – ယူရို (၁၈၅) သန်း
■ အက်စတွန်ဗီလာ – ယူရို (၁၇၆.၂) သန်း
■ ပီအက်စ်ဂျီ – ယူရို (၁၆၉.၉) သန်း
■ ဂျူဗင်တပ်စ် – ယူရို (၁၆၂.၈) သန်း
■ နာပိုလီ – ယူရို (၁၄၉.၅) သန်း
■ စပါး – ယူရို (၁၄၈.၅) သန်း
■ ဝက်စ်ဟမ်း – ယူရို (၁၄၄.၄) သန်း

Leave a Reply

Your email address will not be published. Required fields are marked *