PSR Rules ခြိမ်းခြောက်မှုရှိပေမယ့် သုံးစွဲမှုများစွာ မလျော့ကျသေးတဲ့ ပရီးမီးယားလိဂ်

0

ပရီးမီးယားလိဂ်ကလပ်အသင်းတွေအကြား ကွာဟချက်မကြီးမားစေဖို့ ငွေကြေးထိန်းချုပ်မှုတွေ ပြုလုပ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း(PSR Rules – Profit and Sustainability Rules)နဲ့ တာဝန်ရှိသူတွေက ထိန်းညှိနေသလို၊ ဒီစည်းမျဉ်းနဲ့ မကိုက်ညီတဲ့ အသင်းတွေကိုလည်း ရမှတ်လျှော့ပြစ်ဒဏ်တွေချမှတ်ပြီး သတိပေးနေပါတယ်။

ဒီလို ထိန်းချုပ်အပြစ်ပေးမှုတွေ ပြုလုပ်နေတဲ့ကြားက ပရီးမီးယားလိဂ်အသင်းအများစုရဲ့ ငွေကြေးသုံးစွဲမှုတွေက လျော့ကျမသွားဘဲ အရင်အတိုင်းရှိနေတယ်ဆိုတာ နွေရာသီအပြောင်းအရွှေ့ငွေကြေးသုံးစွဲမှုတွေက သက်သေပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ပြောင်းရွှေ့ကြေးငွေသုံးစွဲမှု စုစုပေါင်းက ယူရို(၂.၃၄)ဘီလီယံ(ယူရို ၂၃၄၀ သန်း)အထိ ရှိခဲ့ပါတယ်။

ဒါက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် နောက်ဆုံး(၃)နှစ်ဆက်တိုက် ယူရို(၂)ဘီလီယံအထက်ကို ရောက်ရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း သုံးစွဲမှုစုစုပေါင်းက ယူရို(၂.၇၉)ဘီလီယံရှိခဲ့ပြီး ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း သုံးစွဲမှုစုစုပေါင်းက ယူရို(၂.၃၀)ဘီလီယံရှိခဲ့ပါတယ်။

PSR Rules ခြိမ်းခြောက်မှုကြားက ဒီလို ယူရို(၂)ဘီလီယံအထက်မှာပဲ ဆက်ရှိနေတာဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ သုံးစွဲမှုလျော့ကျမသွားသေးဘူးဆိုတာကို ပြသရာရောက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချရာကနေ ရတဲ့ဝင်ငွေက ယူရို(၁.၆)ဘီလီယံဝန်းကျင်ရှိပြီး အသားတင်သုံးစွဲမှုက ယူရို(၇၄၈.၅)သန်းရှိနေပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် သုံးစွဲမှုမှာ သိသိသာသာလျော့ကျသွားတာမရှိပေမယ့် ဒီနွေရာသီမှာ ကစားသမားပြန်လည်ရောင်းချတာက ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီထက် သိသိသာသာပိုမိုများပြားခဲ့လို့ အသားတင်သုံးစွဲမှုမှာလည်း ၄၀% လောက်လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီမှာ ကစားသမားတွေကို ပြန်လည်ရောင်းချရာကနေရတဲ့ဝင်ငွေက ယူရို(၁.၂၇)ဘီလီယံခန့်သာရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *