လီကာစလေ၊ ဂရီးလစ်ရှ်၊ ဒက်ကလန်ရိုက်စ် ဆက်စပ်မှုနဲ့ အိုင်ယာလန်-အင်္ဂလန်ပွဲ စိတ်ဝင်စားစရာအချက်များ

0

ဒီနေ့ မြန်မာစံတော်ချိန် ည(၁၀း၃၀)နာရီမှာ ကစားမယ့် အိုင်ယာလန်-အင်္ဂလန်ပွဲက ဒီနှစ်သင်းကြား ဆက်စပ်မှုတွေ၊ ထူးခြားအချက်အလက်တွေကြောင့် စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ဒီပွဲက ၂၀၁၅ နောက်ပိုင်း (၉)နှစ်အတွင်း အိုင်ယာလန်မြေမှာ ကပထမဆုံးပြန်ကစားမယ့် ဗြိတိန်ကျွန်းစုပြိုင်ဘက် နှစ်သင်းရဲ့ပွဲပါ။

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့အတွင်း ၂၀၁၅ မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ နှစ်ဘက်အသင်းအရှုံးအနိုင်မပေါ်ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ဒပ်ဘလင်မြို့မှာ ဒီနှစ်သင်းကစားခဲတဲ့ပွဲကတော့ နှစ်ဘက်ပရိသတ်တွေ ကွင်းအတွင်း အပြန်အလှန်ခိုက်ရန်ဖြစ်ပွားပြီး အဓိကရုဏ်းအသွင်ဖြစ်ခဲ့တာကြောင့် ပွဲချိန်(၂၇)မိနစ်မှာပဲ ပွဲကို ရပ်နားခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်က Lansdowne Road ကွင်းအတွင်း ကစားခဲ့တဲ့ ဒီပွဲမှာ အိုင်ယာလန်အသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရနေချိန် ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ချစ်ကြည်ရေးခြေစမ်းပွဲပေမယ့် နှစ်ဘက်ပရိသတ်တွေ အပြန်အလှန်ထိုးကြိတ်သတ်ပုတ်ကြတာ အတော်ကြမ်းခဲ့တာကြောင့် ဗြိတိန်ဘောလုံးသမိုင်းမှာ ၁၉၉၅ Lansdowne Road အဓိကရုဏ်းဆိုတဲ့ မှတ်တမ်းတစ်ခုကျန်ခဲ့ပါတယ်။

ဒီနှစ်သင်းကြားထူးခြားချက်တစ်ခုက ၁၉၆၄ ခုနှစ်နောက်ပိုင်းကတည်းက အိုင်ယာလန်မြေမှာ တွေ့ဆုံမှုတွေဆိုရင် အရှုံးအနိုင်အဖြေမပေါ်ခဲ့တာပါ။ ၁၉၉၅ ပွဲပျက်တဲ့ပွဲကလွဲလို့ ကျန်ပွဲ(၄)ပွဲမှာ သရေရလဒ်တွေချည်း ထွက်ပေါ်ခဲ့တာပါ။

အခုအချိန်မှာတော့ အင်္ဂလန်က ကမ္ဘာ့အဆင့်(၄)၊ အိုင်ယာလန်က ကမ္ဘာ့အဆင့်(၅၈)ဖြစ်တာကြောင့် ဒီနှစ်သင်းကြား အဆင့်(၅၄)ဆင့်တောင် ခြားနားနေပါတယ်။

အိုင်ယာလန်အသင်းကို အိုက်စလန်လူမျိုးနည်းပြ ဟယ်ဂရင်မ်ဆန်က နည်းပြအဖြစ် တာဝန်ယူနေပြီး သူက ယူရို-၂၀၁၆ တုန်းက အင်္ဂလန်အသင်းကို ဒုက္ခလှလှပေးဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ နာမည်ကြီးအင်္ဂလန်အသင်းဟာ Round of 16 အဆင့်မှာပဲ အိုက်စလန်အသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရဖူးပြီး အဲဒီတုန်းက ဟယ်ဂရင်မ်ဆန်က အိုက်စလန်အသင်းကို ပူးတွဲနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

လက်ရှိအင်္ဂလန်အသင်းမှာ အိုင်ယာလန်နဲ့အင်္ဂလန်ဆက်စပ်မှုကတော့ အသင်းကို ယာယီကိုင်တွယ်နေတဲ့ နည်းပြလီကာစလေက အိုင်ယာလန်လက်ရွေးစင်ကွင်းလယ်လူတစ်ဦးဖြစ်ခဲ့သလို ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ ဂရီးလစ်ရှ်အစရှိတဲ့ ကစားသမားတွေကလည်း လူငယ်ကစားသမားဘဝမှာ အိုင်ယာလန်နိုင်ငံကိုယ်စားပြု ကစားခဲ့ဖူးတာပါပဲ။

ဒက်ကလန်ရိုက်စ်က အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲ(၃)ပွဲအထိ ကစားပြီးမှ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပြောင်းလဲရွေးချယ်ခဲ့တာဖြစ်သလို ဂရီးလစ်ရှ်ကလည်း အိုင်ယာလန်လူငယ်အဆင့် သက်တမ်းအလိုက်အသင်းတွေမှာ ကစားပြီးမှ အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ် ကစားခဲ့တာပါ ။

ဒါကြောင့် အိုင်ယာလန်-အင်္ဂလန်ပွဲက အတိတ်သမိုင်းကြောင်း စပ်ဆက်မှုတွေ၊ လက်ရှိကစားသမားတချို့နဲ့ နည်းပြရဲ့ဆက်စပ်မှုတွေကြောင့် စိတ်ဝင်စားစရာဖြစ်နေပြီး အိုင်ယာလန်မြေမှာ အရှုံးအနိုင်အဖြေမပေါ်ခဲ့တာကြောင့်၁၉၆၄ ခုနှစ်နောက်ပိုင်း နှစ်(၆၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် အရှုံးအနိုင် အဖြေပေါ်မလား ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *