Ballon d’Or ဆုအတွက် ရေပန်းစားမှု အပြတ်အသတ်အသာရနေတဲ့ ဗင်နီစီယပ်စ်

0

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဗင်နီစီယပ်စ်ဟာ အခုနှစ် Ballon d’Or ဆုအတွက် အလေးပေးချက်တွေအရ ဒီဆုကို ရနိုင်ခြေမှာ ကျန်ကစားသမားတွေကို အပြတ်အသတ်အသာရနေပါတယ်။

ဘွတ်ကီဒိုင်တွေက အလေးပေးချက်တွေမှာ ဗင်နီစီယပ်စ်နဲ့ ကျန်ကစားသမားတွေအကြား အလေးပေးချက်ကို များစွာကွာဟထားကြတာပါ။

ဒါကြောင့် ဒီဆုအတွက် သူနဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရေပန်းစားနေတဲ့ မန်စီးတီးကွင်းလယ်လူရိုဒရီထက် ဗင်နီစီယပ်စ်က ဆုရနိုင်ခြေ(၂)ဆနီးပါးလောက်အသာရနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဗင်နီစီယပ်စ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုအောင်မြင်မှုတွေရခဲ့ပြီး ရိုဒရီကတော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ချန်ပီယံဆုတွေရခဲ့တာပါ။

ဘွတ်ကီဒိုင်အများစုက ဗင်နီစီယပ်စ်ကို အလေးပေးချက် (၂း၅)လေး ပေးထားချိန်မှာ ရိုဒရီကို (၂း၁)လေး ပေးခဲ့တာဖြစ်ပါတယ်။ ဗင်နီစီယပ်စ်ဆုရမယ်လို့ လောင်းကြေးထပ်သူက (၅)ဒေါ်လာရင်းမှ လျော်ကြေး(၂)ဒေါ်လာပြန်ရမှာဖြစ်ပြီး၊ ရိုဒရီဆုရမယ့်လို့ လောင်းကြေးထပ်သူက လောင်းကြေးရဲ့(၂)ဆ ရရှိမှာပါ။

ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်တွေကို အခြေခံတွက်ချက်မှုအရ ဗင်နီစီယပ်စ်ရဲ့ ဆုရနိုင်ခြေရာခိုင်နှုန်းက (၇၁.၄%)ရှိပြီး ရိုဒရီက (၃၄.၈%)ရှိကာ ဘယ်လင်ဂမ်က (၄.၈%)ရှိကြောင်း သိရပါတယ်။ နောက်မှာ ကာဗာဟယ်လ်၊ ဟာလန်း၊ ယာမားလ်အစရှိတဲ့ကစားသမားတွေရှိနေပါတယ်။

အခုနှစ် Ballon d’Or ဆုပေးပွဲအခမ်းအနားကို လာမယ့် အောက်တိုဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *