နှလုံးသားလှတဲ့ တူချယ်လ်

0

(Inside Story)

ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ပြင်သစ်ကလပ် PSG အသင်းကို ကိုင်တွယ်ခဲ့ပြီး ပါရီမြို့အတွင်း လှပတဲ့အိမ်တစ်လုံးဝယ်ယူကာ မိသားစုလိုက်နေထိုင်ခဲ့ပါတယ်။

ဒီအိမ်မှာ သူတို့မိသားစုကို အကူအညီပေးဖို့ ဖိလစ်ပိုင်လူမျိုးအိမ်ဖော်အမျိုးသမီးတစ်ဦးကို ငှားရမ်းခေါ်ယူခဲ့ပါတယ်။ ဒီအိမ်ဖော်အမျိုးသမီးဟာ သူ့အလုပ်ကို သူ ပရော်ဖက်ရှင်နယ်ကျကျလုပ်နိုင်ပေမယ့် သူ့ရဲ့အလုပ်ချိန်ကျော်လွန်တာတွေအတွက် ငွေကြေးထပ်မံတောင်းခံတာမျိုးမရှိပါဘူး။

အလုပ်အလွန်ကြိုးစားပြီး စေတနာထားတဲ့ ဒီဖိလစ်ပိုင်အိမ်ဖော်ကို တူချယ်လ်တို့ မိသားစု သံယောဇဉ်ဖြစ်လာပြီး အပြီးခေါ်ယူထားလိုက်ပါတယ်။

တူချယ်လ်ရဲ့သားတစ်ဦးဟာ နှလုံးရောဂါဝေဒနာခံစားနေရပြီး ရောဂါသက်သာစေဖို့ ခွဲစိတ်ကုသမှုလုပ်တဲ့အခါ ဒီအိမ်ဖော်အမျိုးသမီးဟာ အလွန်ပင်ပန်းခဲ့ပါတယ်။ ခွဲစိတ်ပြီးနောက် ကလေးသက်သာလာစေဖို့ အစစအရာရာ စေတနာအပြည့်နဲ့ ကူညီပေးခဲ့ပါတယ်။

သူမအနေနဲ့ တူချယ်လ်တို့ မိသားစုနဲ့ အိမ်သားတစ်ဦးလို အရမ်းရင်းနှီးလာတာတောင်မှ သူမဘက်က လိုအပ်ချက်တစ်စုံတစ်ရာအတွက် တစ်ခါမှ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။

ဒါနဲ့ တစ်နေ့မှာ တူချယ်က ဒီအိမ်ဖော်အမျိုးသမီးကို ပံ့ပိုးမှုလုပ်ပေးဖို့ စဉ်းစားမိပြီး သူမကို ခေါ်မေးမြန်းခဲ့ပါတယ်။

မိသားစုနဲ့ခွဲပြီး ဒီလို နိုင်ငံရပ်ခြားမှာ အိမ်ဖော်လုပ်ရခြင်းရဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးခဲ့ရာမှာ သူမက ရတဲ့ငွေကြေးတွေကို စုဆောင်းပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဖိလစ်ပိုင်ကို ပြန်ပြီး အိမ်တစ်လုံးဝယ်၊ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က သူမရဲ့ဆန္ဒဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိသားစုနဲ့ ခွဲနေရလို့ လွမ်းဆွတ်နေပေမယ့် သူမဘဝရဲ့ နှောင်းပိုင်းအချိန်တွေကို သူမချစ်တဲ့ မိသားစုနဲ့သာ အတူကုန်ဆုံးလိုတယ်လို့ ဆိုခဲ့ပါတယ်။

တူချယ်လ်က အိမ်ဖော်အမျိုးသမီးရဲ့ဆန္ဒကို ရင်ထဲမှာ မှတ်သိမ်းထားလိုက်ပါတယ်။ သူချယ်လ်ဆီးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရချိန်မှာ ဒီအိမ်ဖော်အမျိုးသမီးအတွက် သူမဆန္ဒအတိုင်း ဖိလစ်ပိုင်မှာ တန်ဖိုးရှိတဲ့ နေအိမ်တစ်လုံး ဝယ်ယူပေးခဲ့ပြီး သူမကို သူမချစ်တဲ့ မိသားစုနဲ့ အတူပြန်လည် ပေါင်းစည်းနေထိုင်စေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *