ဝစ်ဆာထက် ပိုမြန်တဲ့ဂိုးသွင်းခဲ့တဲ့ မူဆီယာလာနဲ့ ဘွန်ဒစ်လီဂါပြိုင်ဘက်တိုင်းကို ဂိုးသွင်းတဲ့ ကိန်း

0

အခုတစ်ပတ်ကစားခဲ့တဲ့ ဥရောပဘောလုံးပွဲတွေအနက် မန်စီးတီး(၂ -၁)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမားဝစ်ဆာသွင်းတဲ့ဂိုးက ပွဲစပြီး (၂၂) စက္ကန့်အကြာမှာ သွင်းယူတာဖြစ်လို့ လူပြောများနေပါတယ်။

ဒီဂိုးက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းကသွင်းယူတဲ့အမြန်ဆုံးဂိုးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။

ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ဥရောပလိဂ်ပွဲတွေထဲမှာ ဒီဂိုးထက်ပိုမြန်တဲ့ဂိုးရှိနေပါတယ်။ ဘွန်ဒစ်လီဂါပွဲစဉ် ‌ဟော်စတိန်း(၁-၆)ဘိုင်ယန်မြူးနစ်ပွဲမှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူမူဆီယာလာ သွင်းယူခဲ့တဲ့ဂိုးပါ။ ဂျာမန်ကွင်းလယ်လူ မူဆီယာလာက တန်းတက်ကလပ် ဟော်စတိန်းနဲ့ပွဲမှာ (၁၄)စက္ကန့်ကတည်းက အဖွင့်ဂိုးသွင်းခဲ့တာပါ။

ဘွန်ဒစ်လီဂါမှာ အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာက ၂၀၁၅ ခုနှစ်မှာ ဟော်ဖန်ဟိမ်းကစားသမား ကီဗင်ဗိုလန်သွင်းယူခဲ့တဲ့ဂိုးဖြစ်ပြီး ဟော်ဖန်ဟိမ်း-ဘိုင်ယန်မြူးနစ်ပွဲမှာ (၉)စက္ကန့်အကြာမှာပဲ သွင်းယူခဲ့တာပါ။

မူဆီယာလာရဲ့ဂိုးက ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အမြန်ဆုံးဂိုးစာရင်းမှာ အဆင့်(၁၀) ချိတ်ခဲ့ပါတယ်။

မူဆီယာလာက အမြန်ဆုံးဂိုးစံချိန်မတင်ပေမယ့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်းကတော့ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ သူ့ရဲ့မှတ်တမ်းတစ်ခုကို ရှေ့ဆက်နိုင်ခဲ့ပါတယ်။ အဲဒါက ဘွန်ဒစ်လီဂါမှာ သူရင်ဆိုင်ကစားဖူးသမျှအသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့မှတ်တမ်းဖြစ်ပါတယ်။

ဟာရီကိန်းက ဟော်စတိန်းအသင်းဘက်ကို ပယ်နယ်တီတစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူခဲ့တာပါ။ ဟော်စတိန်းအသင်းဟာ ဟာရီကိန်းရင်ဆိုင်ကစားခဲ့ဖူးတဲ့ (၁၈)သင်းမြောက် ဘွန်ဒစ်လီဂါအသင်းဖြစ်ပြီး ဒီ(၁၈)သင်းစလုံးကို ဟာ့ရီကိန်းက ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မူဆီယာလာ၊ ဟာရီကိန်း၊ အိုလီဆေတို့ရဲ့သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ (၃)ပွဲကစား(၃)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *