စက်တင်ဘနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံပရီးမီးယားလိဂ်

0

လီဗာပူးလ် – နော်တင်ဂမ်ဖောရက်စ်
(14 Sep 2024/ 8:30 pm)

မန်စီးတီး – ဘရန့်ဖို့ဒ်
(14 Sep 2024/ 8:30 pm)

ဘုန်းမောက် – ချယ်လ်ဆီး
(15 Sep 2024/ 1:30 am)

လီဗာပူးလ် – နော်တင်ဂမ်ဖောရက်စ်

(ပရီးမီးယားလိဂ်)

လီဗာပူးလ်အသင်းက နည်းပြအာနီဆလော့လက်ထက်မှာ တိုက်စစ်ရော၊ ခံစစ်ပါ ဟန်ချက်ညီတဲ့အနေအထားကိုပြနေပြီး ကစားခဲ့တဲ့(၃)ပွဲလုံးပေးဂိုးမရှိခဲ့ဘူး။ ဗန်ဒိုက်ဦးဆောင်တဲ့ နောက်တန်းအနေနဲ့ ကျောက်ဆောင်လို မာကြောတယ်ဆိုတာ သက်သေပြနေတယ်။ တိုက်စစ်ကလည်း ဆာလာ၊ ဒီယက်ဇ်၊ ဂျိုတာအစရှိတဲ့ ကစားသမားတွေက အတွဲအဖက်မိနေသလို ကွင်းလယ်မှာ ဂရာဗန်ဘတ်ချ်၊ ဆိုဘို့ဆလိုင်း၊ အလစ္စတာအစရှိတဲ့ကစားသမားတွေကလည်း အကောင်းဆုံးခြေစွမ်းကို ပြနေကြတယ်။ ဒါကြောင့် ရှေ့၊ လယ်၊ နောက် ဟန်ချက်မျှတနေတဲ့လီဗာပူးလ်ကို ဒီရာသီချန်ပီယံပြေးလမ်းမှာ တွ့ရမှာ သေချာနေပြီး ဒီပွဲမှာလည်း အိမ်ကွင်းမှာ နိုင်ပွဲဆက်မှာ သေချာသလောက်ရှိတယ်။

နော်တင်ဂမ်ဖောရက်စ်က ဒီရာသီမှာ ဂိုးနည်းတဲ့အသင်းတွေထဲမှာ ပါဝင်ပြီး တစ်ပွဲကို တစ်ဂိုးထက်ပိုမသွင်းနိုင်သေးဘူး။ ခရစ္စဝုဒ်၊ အိုဒွိုင်း၊ အီလန်ဂါအစရှိတဲ့ တိုက်စစ်ကစားသမားတွေအကြား အချိတ်အဆက်အားနည်းနေတယ်။ ဒီပွဲမှာ လီဗာပူးလ်နောက်တန်းကို ဖောရက်စ်ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ဖို့ ခက်လိမ့်မယ်။ လီဗာပူးလ် သာသာယာယာနိုင်မယ့်ပွဲဖြစ်ပြီး အနည်းဆုံး(၂)ဂိုးပြတ်နိုင်တယ်။ (၂-ဝ)(၃-ဝ)လို ရလဒ်တွေကို တွေ့ရနိုင်တယ်။

မန်စီးတီး – ဘရန့်ဖို့ဒ်

(ပရီးမီးယားလိဂ်)

မန်စီးတီးအသင်းက အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိတာ ပွဲ(၃၀)ကျော်သွားပြီ။ အသင်းမှာ ဖိုဒန်၊ နာသန်အကီ၊ ဆာဗင်ဟိုတို့လောက်ပဲ ဒဏ်ရာရှိပြီး ကျန်ကစားသမားတွေ လူစုံပါတယ်။ လာမယ့် တစ်ပတ် ချန်ပီယံလိဂ်စမှာဖြစ်ပြီး အင်တာမီလန်နဲ့ကစားရမှာဆိုတော့ ဒီပွဲမှာ ဂွါဒီယိုလာအနေနဲ့ ရိုဒရီ၊ ဝေါ်လ်ကာ၊ စတုန်းစ်တို့လိုကစားသမားတွေကို လျှိုထားပြီး ရီကိုလူးဝစ်၊ ဒိုကူတို့ကို Line up သုံးချင်သုံးနိုင်တယ်။

ဘရန့်ဖို့ဒ်က လီဗာပူးလ်ကို ရှုံးတဲ့ပွဲအပါအဝင် ဒီရာသီအစ(၃)ပွဲလုံး ခြေစွမ်းမဆိုးဘူးလို့ ပြောလို့ရတယ်။ အသင်းမှာ အဓိကတိုက်စစ်မှူးအိုင်ဗန်တိုနေးမရှိတော့ပေမယ့် အမ်ဘူမို၊ ဝစ်ဆာတို့က ခြေစွမ်းပြနေတယ်။ ဒါပေမယ့် ဘရန့်ဖို့ဒ်က အဝေးကွင်းတွေဆိုရင် သိပ်မစွံဘူး။ အသင်းကြီးတွေတင်မဟုတ်ဘဲ ဝက်စ်ဟမ်း၊ ဘန်လေ၊ အဲဗာတန်လိုအသင်းတွေကိုတောင် ရှုံးတတ်တယ်။ ဒီပွဲလည်း မန်စီးတီးကို အံအားသင့်အောင် လုပ်နိုင်တဲ့အနေအထား ဘရန့်ဖို့ဒ်မှာ မရှိပါဘူး။ မန်စီးတီးအနိုင်/ ဂိုးအများကို အကြိုက်တွေ့မိတယ်။

ဘုန်းမောက် – ချယ်လ်ဆီး

(ပရီးမီးယားလိဂ်)

ဘုန်းမောက်က ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ (၂)ပွဲသရေ(၁)ပွဲနိုင် (၅)မှတ်ယူထားတယ်။ အသင်းမှာ ကစားသမားသစ် အူနယ်လ်၊ တိုင်လာအဒမ်၊ ဖီးလစ်ဘီလင်းတို့ ဒဏ်ရာကြောင့် မပါနိုင်သလို စပိန်ဂိုးသမား ကယ်ပါကလည်း ချယ်လ်ဆီးအသင်းနဲ့ ပြန်တွေ့မှာဖြစ်လို့ ကစားခွင့်မရဘူး။ ဘုန်းမောက်က အိမ်ကွင်းပွဲတွေမှာ ရလဒ်သိပ်မဆိုးတာတွေ့ရတယ်။ နောက်ဆုံးအိမ်ကွင်း(၈)ပွဲမှာ (၁)ပွဲပဲ ရှုံးထားတယ်။

ချယ်လ်ဆီးကတော့ ကစားသမားကောင်းတွေရှိပေမယ့် ခန့်မှန်းရခက်တဲ့အသင်းအဖြစ် ရှိနေတုန်းပဲ။ ချယ်လ်ဆီးအသင်းနိုင်မနိုင်ဆိုတာက ဒီပွဲကစားနေရင်း ချယ်လ်ဆီးကစားသမားတွေ ဘယ်လို လမိုင်းကပ်သွားမလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်။ ဝုလ်ဗ်စ်နဲ့ အဝေးကွင်း ပွဲတုန်းက ရုန်းကန်ရမယ်ထင်ခဲ့ရပေမယ့် (၆)ဂိုးတောင်သွင်းပြီးအနိုင်ရခဲ့တယ်။ ပဲလေ့စ်ကိုကျတော့ အိမ်ကွင်းမှာ အနိုင်မကစားနိုင်ဘူး။

ဘုန်းမောက်နဲ့ နောက်ဆုံးတွေ့ဆုံမှု(၆)ပွဲမှာ တစ်ပွဲမှ မရှုံးခဲ့တဲ့ ချယ်လ်ဆီးအနေနဲ့ ဒီပွဲလည်းရှုံးဖို့ မရှိပါဘူး။ ဘုန်းမောက်က အိမ်ကွင်းကောင်းတာကြောင့် ခက်ခက်ခဲခဲကစားရဖို့ရှိပေမယ့် သရေကျသွားမယ်လို့ ထင်နေတယ်။ (၁-၁)(၂-၂)လိုရလဒ်တွေကို တွေ့ရနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *