ယူရိုပါလိဂ်ဗိုလ်လုပွဲ

အတ္တလန်တာ – လေဗာကူဆင်
(23 May 2024/ 1:30 am)

လေဗာကူဆင်က ဒီရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိကစားထားတာဆိုတော့ ဒီပွဲမှာလည်း လေဗာကူဆင်နိုင်မယ်လို့ ကြိုတင်တွက်ဆကြမယ့် ပရိသတ်က အတော်များလိမ့်မယ်။ ဒီနှစ်သင်း ဥရောပတွေ့ဆုံမှုအဖြစ် ၂၀၂၁-၂၂ ရာသီ ယူရိုပါလိဂ် Round of 16 အဆင့်မှာ တွေ့ခဲ့ကြတုန်းက လေဗာကူဆင်ကို အတ္တလန်တာက နှစ်ကျော့စလုံးအနိုင်ယူခဲ့ဖူးတယ်။

ပထမအကျော့ အိမ်ကွင်းမှာ (၃-၂)ဂိုး၊ ဒုတိယအကျော့ အဝေးကွင်းမှာ (၁-ဝ)ဂိုး ရလဒ်တွေနဲ့ အတ္တလန်တာက အနိုင်ယူ ကျော်ဖြတ်ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့် လေဗာကူဆင် ပရိသတ်ဘက်က ပြန်ပြောစရာရှိတာက အဲဒီတုန်းက လက်ရှိနည်းပြ ဇာဘီအလွန်ဆိုကိုင်တွယ်နေချိန်မဟုတ်သေးသလို၊ လေဗာကူဆင်အသင်းရဲ့အနေအထားက အခုလိုအသင်းမျိုးမဟုတ်သေးဘဲ သာမန်အသင်းအဆင့်သာ ရှိနေခဲ့တာကိုပါ။

လေဗာကူဆင်နဲ့ အတ္တလန်တာအသင်းတို့ ၂၀၂၁/၂၂ ရာသီ ယူရိုပါလိဂ် (၁၆)သင်းအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြစဉ်

လက်ရှိမှာတော့ လေဗာကူဆင်အသင်းမှာ ကစားသမားကောင်းတွေများစွာရှိနေပြီး ဒီကစားသမားတွေကို အံဝင်ခွင်ကျပေါင်းစပ်အသုံးပြုနိုင်တဲ့ နည်းပြကောင်းတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါပြီ။ ဒါပေမယ့် ဒီရာသီ လေဗာကူဆင်အသင်းရဲ့နိုင်ပွဲတွေကို သေသေချာချာသုံးသပ်ကြည့်ရင် ဒီအသင်းရှုံးပွဲမရှိခြင်းမှာ ခြေစွမ်းသက်သက်ကြောင့်မဟုတ်ဘဲ ကံတရားကလည်း အတော်လေးဖေးမနေတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ ဒီရာသီမှာ နောက်ကျဂိုးတွေကြောင့် ရှုံးမလိုလိုဖြစ်ပြီးမှ သရေကျခဲ့တဲ့ပွဲတွေ၊ သရေကနေ အနိုင်ဖြစ်သွားတဲ့ပွဲတွေ မနည်းမနောပါပဲ။

အတ္တလန်တာအသင်းက ဝါရင့်နည်းပြ ဂက်စ်ပါရီနီလက်အောက်မှာ စုစည်းမှုကောင်းကောင်းနဲ့ ပုံစံကောင်းရနေတဲ့အသင်းဖြစ်ပါတယ်။ ဂက်စ်ပါရီနီက ဒီရာသီမှာ အတ္တလန်တာအသင်းကို ယူရိုပါလိဂ်မှာရော ကိုပါအီတာလီယာပြိုင်ပွဲမှာပါ ဗိုလ်လုပွဲဆီကို ပို့ဆောင်ပေးခဲ့ပြီး ကိုပါအီတာလီယာမှာတော့ ဂျူဗင်တပ်စ်ကို (ဝ-၁)ဂိုးနဲ့ ကပ်ရှုံးပြီးချန်ပီယံဆုနဲ့ဝေးခဲ့ရတယ်။

လက်ရှိစီးရီးအေမှာ (၂)ပွဲကစားဖို့ကျန်နေသေးပေမယ့် အတ္တလန်တာအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို အပြည့်အဝအာရုံစိုက်ပြီး အားကုန်ထုတ်ကစားလို့ ရနိုင်တဲ့အခြေအနေမျိုးပါပဲ။

အတ္တလန်တာမှာ အားထားရတဲ့ကွင်းလယ်လူ ဒီရွန်း၊ နောက်ခံလူကိုလာရှီနက်နဲ့ အီမေးလ်ဟုမ်းလ်တို့ ဒဏ်ရာတွေကြောင့် ဒီပွဲကို လွဲကြမှာဖြစ်ပြီး လေဗာကူဆင်မှာတော့ ဒဏ်ရာရကစားသမားမရှိဘဲ လူစုံပါတယ်။

စပို့တင်းလစ္စဘွန်း၊ လီဗာပူးလ်၊ မာဆေးလ်တို့လို အသင်းကောင်းတွေကို ဖြတ်ကျော်လာတဲ့ အတ္တလန်တာကို လေဗာကူဆင်အနေနဲ့ ပေါ့ပေါ့လျော့လျော့ကစားလို့မရဘဲ သတိထားကစားရမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၉)ပွဲမှာ (၇)ပွဲကို အနိုင်ကစားထားတဲ့ အတ္တလန်တာက လေဗာကူဆင်ကို အတိုင်းအတာတစ်ရပ်အထိ အခက်တွေ့အောင် ကစားပြလိမ့်မယ်။ Zonal Marking၊ Man Marking တွေနဲ့ နောက်တန်းကို ကျစ်ကျစ်လစ်လစ်ကစားပြီး Short Passing လေးတွေနဲ့ Counter Attack ကို မြန်မြန်ဆန်ဆန်သွားတတ်တဲ့ အတ္တလန်တာက လေဗာကူဆင်ကို တိုက်စစ်မှာရော ခံစစ်မှာပါ ခက်ခဲစေလိမ့်မယ်။

လက်ရှိမှာ စိတ်ဓါတ်၊ ခြေစွမ်း၊ စုစည်းမှုအား အမြင့်ဆုံးအနေအထားမှာရှိနေတာကြောင့် လေဗာကူဆင်ဘက်မှာ ချန်ပီယံအခွင့်အရေးအားသာနေတယ်ဆိုပေမယ့် အမှားအယွင်းမရှိဖို့လိုအပ်တဲ့ ပွဲမျိုးဖြစ်ပြီး တစ်ချက်မှားတာနဲ့ ခံသွားရနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။

လေဗာကူဆင်မှာ ဘွန်နီဖေ့စ်၊ ဗစ်ဇ်၊ ပက်ထရစ်ရှစ်အစရှိတဲ့ အရည်အသွေးရှိတိုက်စစ်ကစားသမားတွေ၊ ဂရီမယ်လ်ဒို၊ ဖရင်ပေါင်တို့လို တောင်ပံတွေက ဂိုးသွင်းတတ်သူတွေရှိနေသလို၊ အတ္တလန်တာမှာလည်း ဆကာမက်ကာ၊ လွတ်ခ်မန်းတို့ရဲ့ အထောင်တိုက်စစ်ကို ကွင်းလယ်က ဂိုးတွေတက်သွင်းပြီး အားဖြည့်ပေးနေတဲ့ ဒီကေတလာရဲ၊ ကုမိုင်နာအစရှိတဲ့ တိုက်စစ်အားသန်ကစားသမားတွေရှိနေပါတယ်။

နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ဂိုးမြူးနေတဲ့အသင်းတွေဆိုတော့ ဒီပွဲမှာလည်း နှစ်ဖက်စလုံးဂိုးရနိုင်ပြီး ဂိုးတော့သိပ်ပြီးမနည်းနိုင်ဘူးထင်တယ်။ လေဗာကူဆင်ကို ကိုကြိုက်ပေမယ့် နှစ်သင်းကြားဂိုးကွာခြားချက်ကျဉ်းမြောင်းမယ်လို့ ထင်နေတယ်။ လေဗာကူဆင်အနိုင် (၂-၁)(၃-၂)လို ရလဒ်မျိုးတွေကို တွေ့ရနိုင်တယ်လို့ပဲ ခန့်မှန်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *