ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

0

ဒေါ့မွန် – ရီးရဲလ်မက်ဒရစ်
(2 June 2024/ 1:30 am)

၁၉၉၇ ခုနှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းက ဂျာမနီနိုင်ငံဖွား ဘော့စနီးယား-ခရိုအက်အနွယ် နည်းပြတာဇစ်ရဲ့လက်ထက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တတိယအကြိမ်မြောက်အဖြစ်တက်ရောက်လာနိုင်ခဲ့တယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်အောင်မြင်မှုတွေ ဆက်တိုက်ရယူနေပြီး နောက်ဆုံး(၁၀)နှစ်အတွင်းမှာ (၅)ကြိမ်ဗိုလ်စွဲခဲ့တဲ့အသင်းဖြစ်တယ်။ ဥရောပဖလားခေတ်လွန် ချန်ပီယံလိဂ်ခေတ်မှာလည်း ဗိုလ်လုပွဲတက်ခဲ့သမျှ အကြိမ်တိုင်း(၈ ကြိမ်စလုံး)ဗိုလ်စွဲခဲ့တဲ့အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကလပ်အသင်းသမိုင်းတစ်လျှောက်(၁၈)ကြိမ်မြောက်တက်ရောက်လာခဲ့တာဖြစ်တယ်။

ဒေါ့မွန်က ဆီမီးဖိုင်နယ်အဆင့်မှာ နာမည်ကြီး PSG အသင်းကို နှစ်ကျော့စလုံး(၁-ဝ)ဂိုးရလဒ်တွေနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ကစားသမား ဘာပေအပါအဝင် ဒမ်ဘီလီ ၊ ဂွန်ဆာလိုရာမို့စ်၊ ဗီတင်ညာအစရှိတဲ့ တိုက်စစ်အားသန်ကစားသမားတွေနဲ့ ဂိုးများစွာသွင်းယူတတ်တဲ့ PSG အသင်းကို နှစ်ကျော့စလုံး Clean Sheet ရယူပြီး ဖိုင်နယ်တက်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ခံစစ်ကစားပုံက ရီးရဲလ်မက်ဒရစ်အသင်းကို အတိုင်းအတာတစ်ရပ်အထိ ဒုက္ခပေးနိုင်တယ်။

ဒေါ့မွန်မှာ နောက်ခံလူဘန်ဆီဘိုင်နီက ဒဏ်ရာကြောင့် ဒီပွဲကို လွဲမှာဖြစ်ပြီး ဟယ်လာ၊ မိုရေး၊ ဒူရန်ဗယ်လီ၊ အစရှိတဲ့ကစားသမားတွေကလည်း ကြံခိုင်မှုအခြေအနေ စိတ်မချရသေးတော့ နည်းပြ တာဇစ်အနေနဲ့ PSG ကို အနိုင်ယူခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲက လူစာရင်းကိုပဲ အသုံးပြုဖို့များပြီး ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာဖို့များတယ်။

နောက်တန်းမှာက မတ်ဆန်၊ ရှလော့တာဘက်၊ ဟမ်းမဲလ်၊ ရိုင်ယာဆန်တို့ ကစားကြဖို့များပြီး ရှေ့မှာ Double Pivot အဖြစ် ဆာဘစ်ဇာနဲ့ ချန်၊ အလယ်မှာ အဒီယီမီ၊ ဘရန့်၊ ဆန်ချိုတို့ ကစားပြီး ရှေ့မှာက ဖူလ်ကုပဲ အထောင်ထားဖို့ များတယ်။

ချန်ပီယံလိဂ်မှာ စံချိန်တင်ဆုဖလား(၄)လုံးအထိရယူထားတဲ့ နည်းပြအန်ဆယ်လော့တီက ဒီပွဲမှာ သူ့အကြိုက်ကစားကွက်ဖြစ်တဲ့ ၄-၃-၁-၂ နဲ့ ပွဲထွက်လာဖို့များပြီး ချူအာမန်နီ၊ အလာဘာတို့ ဒဏ်ရာတွေရနေတာကြောင့် နောက်တန်းမှာ ကာဗာဟယ်လ်၊ နာချို၊ ရူဒီဂါ၊ မန်ဒီအတွဲ၊ အလယ်တန်းမှာ ဗယ်လ်ဗာဒီ၊ တိုနီကရူးစ်၊ ကာမာဗင်ဂါအတွဲနဲ့ ရှေ့မှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ဘယ်လင်ဂမ်၊ တိုက်စစ်မှာ ဘရာဇီးလ်အတွဲဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဗင်နီစီယပ်စ်တို့ကိုပဲ ထားကစားဖို့ များပါတယ်။

ရီးရဲလ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ် ကစားသမားအစုအဖွဲ့က ဒေါ့မွန်ထက်ပိုသာပြီး ဂိုးရဖို့အတွက်လည်း အခွင့်အလမ်းပိုများတယ်ဆိုပေမယ့် ခံစစ်ကို တစ်သင်းလုံးစနစ်တကျပိတ်ဆို့ ကစားတတ်တဲ့ ဒေါ့မွန်ခံစစ်က ရီးရဲလ်ကို ဂိုးလွယ်လွယ်ရစေမှာ မဟုတ်တာအမှန်ပဲ။

၂၀၁၇ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရီးရဲလ်နဲ့ ဒေါ့မွန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြစဉ်

တာဇစ်ရဲ့ဒေါ့မွန်အသင်းက အသင်းကြီးတွေနဲ့ဆိုရင် ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တာဆိုတော့ ဒီပွဲလည်း ဒီပုံစံကိုပဲ တွေ့ရမယ်။ ဒေါ့မွန်ကခံစစ်အားသန်တယ်ဆိုပေမယ့် ဘယ်တောင်ပံနဲ့ ညာတောင်ပံမှာ အတက်အဆင်းကောင်းတဲ့ အဒီယီမီနဲ့ ဆန်ချိုတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဒီကစားသမားနှစ်ဦးက ရီးရဲလ်ရဲ့တောင်ပံတိုက်စစ်တွေကို ဖျက်ဆီးမယ့်အပြင် ရီးရဲလ်ခံစစ်အစွန်ကစားသမားနှစ်ဦးဖြစ်တဲ့ ကာဗာဟယ်လ်နဲ့ မန်ဒီတို့ကို တန်ပြန်တိုက်စစ်တွေကနေ ကောင်းကောင်းဒုက္ခပေးနိုင်တယ်။

ကွင်းလယ်မှာတော့ ဘရန့်၊ ချန်၊ ဆာဗစ်ဇာတို့ရဲ့ အလယ်တန်းနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဗယ်လ်ဗာဒီ၊ တိုနီကရူးစ်၊ ကာမာဗင်ဂါတို့ အားပြိုင်ကြမှာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းယှဉ်ရင်တော့ အထောင် ဖူလ်ကုတစ်ယောက်တည်းထားကစားပြီး အဒီယီမီ + ဆန်ချိုတို့ရဲ့တောင်ပံတိုက်စစ်တွေ၊ ဘရန့်၊ ဆာဘစ်ဇာတို့လို တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွေနဲ့ ကစားမယ့် ဒေါ့မွန်ထက် ရိုဒရီဂို + ဗင်နီစီယပ်စ် + ဘယ်လင်ဂမ်တိုက်စစ်အတွဲက ပိုပြီးခေါင်းတစ်လုံးမြင့်တယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် ဟမ်းမဲလ်ဦးဆောင်တဲ့ ဒေါ့မွန်နောက်တန်းက ကျစ်လစ်သလို ထောင့်ကန်ဘော၊ ဖရီးကစ်တွေလို Set-Piece တွေမှာလည်း ရှေ့ကို ဂိုးတက်သွင်းနိုင်တာကြောင့် ရီးရဲလ်အနေနဲ့ ပေါ့ဆလို့ မရတဲ့ပွဲဖြစ်တယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဒီရာသီချန်ပီယံလိဂ်ဂိုးအများစုအတွက် ရိုဒရီဂို၊ ဗင်နီစီယပ်စ်၊ ဟိုဆေးလူနဲ့ ဘယ်လင်ဂမ်တို့ကို အဓိက အားကိုးနေပေမယ့် ဒေါ့မွန်မှာက အဓိက ဂိုးသွင်းသူဆိုတာမရှိဘဲ ဒီရာသီအသင်းရဲ့ချန်ပီယံလိဂ်ဂိုး(၁၇)ဂိုးကို နေရာစုံက ကစားသမား(၁၂)ယောက်က သွင်းယူထားကြတယ်။

ဒါကြောင့် ရီးရဲလ်အနေနဲ့ PSG အသင်းလို ဂိုးသွင်းဖို့ ကြိုးစားနေရင်း ဂိုးမရဘဲ ဒေ့ါမွန်ရဲ့တန်ပြန်တိုက်စစ်တွေ၊ Set-Piece ကနေတစ်ဆင့် လျှပ်တပြက်တိုက်ကွက်တွေက လာမယ့်ဂိုးတွေကို သတိထားကစားရမှာဖြစ်တယ်။

ဒီနောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေက အံအားသင့်စရာကောင်းလောက်အောင် (၁-ဝ)ဂိုးရလဒ်တွေနဲ့ပဲ ပွဲပြီးနေသလို ဒီပွဲလည်း ခံစစ်ကောင်းတဲ့အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ဂိုးနည်းနည်းနဲ့ ပွဲပြီးသွားမယ်လို့ထင်နေမိတယ်။ ရီးရဲလ် ဂိုးများများမရနိုင်သလို၊ ဒေါ့မွန်လည်း ရီးရဲလ်ကို ဂိုးသွင်းဖို့ ခက်လိမ့်မယ်။ ပုံမှန်ပွဲချိန်အတွင်း သရေကျပြီး အချိန်ပို၊ ပယ်နယ်တီအထိရောက်သွားရင်လည်း အံအားသင့်စရာမရှိတဲ့ပွဲဖြစ်ပါတယ်။ နောက်ဆုံးမှာ ချန်ပီယံဆုကိုင်မြှောက်မယ့်အသင်းဆိုရင်တော့ ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်ကိုပဲ ရွေးချယ်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *