တန်းဆင်းခဲ့သည့် ဘန်လေအသင်းနည်းပြ ကွန်ပနီ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖြစ်လာရန် နီးစပ်နေ

0

ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် ဘန်လေအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ပြီး ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းမဆင်းရအောင် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြဟောင်းဖြစ်ခဲ့တဲ့ တူချယ်လ်ကို လာမယ့်ရာသီ ဆက်ပြီးရှိနေနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ကွန်ပနီကို ခန့်အပ်နိုင်ဖို့ အမြန်ဆုံးကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို အမြန်ဆုံးစာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်လေအသင်းနဲ့ လျော်ကြေးကိစ္စအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကွန်ပနီဟာ ၂၀၀၈ က မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင် ဟမ်းဘတ်အသင်းမှာ (၂)ရာသီကြာ ကစားခဲ့ဖူးသလို ဂျာမန်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုတတ်သူဖြစ်ပါတယ်။

ဂျာမန်ဘာသာစကားပြောတတ်တာနဲ့ ကွန်ပနီရဲ့အတွေးအမြင်ကို ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက နှစ်သက်နေတာပါ။ ဒါက ပြီးခဲ့တဲ့ရာသီကို စိတ်ပျက်စွာအဆုံးသတ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကွန်ပနီအတွက် လောင်းကစားဆန်တဲ့အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက် တာဝန်ရှိသူတွေဟာ စိတ်ပျက်နေကြတာပါ။ ဘန်လေအသင်းဟာ လာမယ့်ရာသီ အသင်းမှာ ကွန်ပနီဆက်ရှိနေမယ်လို့ ယုံကြည်နေပေမယ့် ကွန်ပနီကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ချင်နေတာဖြစ်ပါတယ်။

ဘန်လေအသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားရမှာဖြစ်တဲ့အတွက် ဂိုးသမား ဂျိမ်းထရက်ဖိုဒ့်အပါအဝင် ကစားသမားအချို့ကို ရောင်းချဖို့ ပြင်ဆင်နေတာပါ။ အခုအချိန်မှာတော့ ဘန်လေအသင်းဟာ ကွန်ပနီနေရာမှာ အစားထိုးဖို့ နည်းပြသစ်ပါ ရှာဖွေနေရပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *