သတင်းထွက်တဲ့အတိုင်း ဇာဗီနဲ့လမ်းခွဲကြောင်း ကြေညာခဲ့ပြီး ဟန်ဆီဖလစ်ကို အစားထိုးဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

0

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေကြိုတင်ထွက်ပေါ်ခဲ့တဲ့အတိုင်း နည်းပြဇာဗီနဲ့ လမ်းခွဲမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီနေ့ (မေ ၂၄ ရက်၊ သောကြာနေ့)မှာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ၊ အားကစားဒါရိုက်တာဒေကိုတို့အပါအဝင် ကလပ်အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေ အရေးပေါ်ဆွေးနွေးခဲ့ပြီးနောက်မှာ ဇာဗီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါကြောင့် လာမယ့် ၂၀၂၅ နွေရာသီအထိ အသင်းနဲ့ စာချုပ်ရှိနေတဲ့ ဇာဗီအနေနဲ့ ရာသီအဆုံးသတ်ပွဲစဉ်ဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ အဝေးကွင်းပွဲကို ကိုင်တွယ်ပြီးချိန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာရတော့မှာပါ။

ဇာဗီအနေနဲ့ အသင်းရလဒ်တွေဆိုးရွားနေချိန် ဇန်နဝါရီလ(၂၄)ရက်နေ့မှာ ရာသီကုန်ရင် အသင်းကနေထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရလဒ်ကောင်းတွေပြန်ရလာချိန် ရာသီအဆုံးသတ်ခါနီးမှာ အသင်းဥက္ကဋ္ဌ လာပေါ်တာအပါအဝင် ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာတော့မယ့် ဟန်ဆီဖလစ်

ဒါပေမယ့် မီဒီယာတွေနဲ့တွေ့ဆုံရာမှာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် လာပေါ်တာက သူ့အပေါ်စိတ်ကွက်ခဲ့ပြီး အခုလို အသင်းနဲ့စောစောစီးစီးလမ်းခွဲဖို့ ဖြစ်ပေါ်လာခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဇာဗီနေရာမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ကို အစားထိုးဖို့ စီစဉ်နေပြီး မကြာမီအချိန်အတွင်း ကြေညာချက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *