ရာသီအကုန်မှာ နည်းပြရာထူးက ပိုင်အိုလီ ထွက်ခွာမယ်လို့ အေစီမီလန်အသင်း ကြေညာ

0

အီတလီလူမျိုးနည်းပြ ပိုင်အိုလီဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ထွက်ခွာမယ်လို့ အေစီမီလန်အသင်းက ကြေညာလိုက်ပါတယ်။

စီးရီးအေဖလားကို (၁၉)ကြိမ်ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာရပ်တည်ပြီး ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပေမယ့် အဆင့်(၁)နေရာက အင်တာမီလန်အသင်းနဲ့ ရမှတ်အများအပြားကွာဟခဲ့သလို ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရယူနိုင်ခဲ့ခြင်းမရှိတာပါ။

၂၀၁၉ က အေစီမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပိုင်အိုလီဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ စီးရီးအေဖလားကို ၂၀၂၁-၂၂ ရာသီမှာ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့ ပိုင်အိုလီတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်အထိ သက်တမ်းရှိနေပေမယ့် ဒီရာသီမှာ အသင်းအောင်မြင်မှုမရယူနိုင်ခဲ့တာကြောင့် စောစီးစွာလမ်းခွဲပြီး ထွက်ခွာဖို့ ဖြစ်လာခဲ့တာပါ။

အေစီမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၅)နှစ်အတွင်း အမှတ်ပေးလိဂ်ဖလားရယူပေးပြီး ဥရောပဝင်ခွင့်ပုံမှန်ရရှိအောင် ပြန်လည်ထူထောင်ပေးခဲ့တဲ့ နည်းပြပိုင်အိုလီနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ကလပ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အေစီမီလန်အသင်းဟာ ပိုင်အိုလီရဲ့နေရာမှာအစားထိုးဖို့အတွက် လိုင်လီအသင်းနည်းပြ ဖွန်ဆီကာကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားထားပါတယ်။

အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေနောက်ဆုံးပွဲစဉ်အဖြစ် မေ(၂၅)ရက်မှာ ဆလာနီတာနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲ့ဒါကြောင့် ပိုင်အိုလီဟာ သူ့ရဲ့အေစီမီလန်အသင်းနည်းပြဘဝနောက်ဆုံးပွဲစဉ်အဖြစ် ဒီပွဲစဉ်ကို ကိုင်တွယ်ပြီး ပရိသတ်တွေကို နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *