ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဝိန်းရွန်နီ

0

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းဟာ မန်ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ဝိန်းရွန်နီဟာ ရလဒ်ဆိုးတွေကြောင့် ဧပြီ(၁)ရက်က ထုတ်ပယ်ခံခဲ့ရတဲ့ အီယန်ဖော်စတာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပလိုင်းမောက်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။​ေ

ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာမင်ဂမ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက် ပလိုင်းမောက်အသင်းဟာ ဝိန်းရွန်နီအတွက် ပထမဆုံးနည်းပြအလုပ်အကိုင်ဖြစ်ခဲ့ပါတယ်။

ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို (၁၅)ပွဲကိုင်တွယ်ခဲ့ရာမှာ (၉)ပွဲအထိအရေးနိမ့်ခဲ့တာကြောင့် (၃)လမပြည့်ခင်မှာတင် နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။ ဘာမင်ဂမ်အသင်းဟာ ဝိန်းရွန်နီတာဝန်စယူချိန်က ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့်အခြေအနေမှာရှိနေပေမယ့် ရာသီကုန်ဆုံးချိန်မှာ လိဂ်ဝမ်းကို တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

ပလိုင်းမောက်အသင်းဟာ ဝိန်းရွန်နီရဲ့နည်းပြဘ၀ စတုတ္ထမြောက်ကလပ်အသင်းဖြစ်လာခဲ့တာပါ။ မန်ယူနိုက်တက်အသင်းနဲ့အဲဗာတန်အသင်းကစားသမားဟောင်းဟာ ဒါဘီကောင်တီ၊ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နဲ့ ဘာမင်ဂမ်အသင်းတို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ပလိုင်းမောက်အသင်းကို တာဝန်ယူရမှာက သူ့ရဲ့နည်းပြဘဝအတွက် ပြီးပြည့်စုံတဲ့ နောက်ထပ်ခြေလှမ်းလို့ ဝိန်းရွန်နီက ပြောခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းဟာ ဝိန်းရွန်နီကို (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *