ဘာစီလိုနာ နည်းပြရာထူးက မလွယ်ဘူးလို့ နောက်လူကို ဇာဗီ သတိပေး

0

မနေ့က ဆီဗီလာ(၁-၂)ဘာစီလိုနာ စပိန်လာလီဂါပွဲအပြီးမှာ စပိန်လူမျိုးနည်းပြဇာဗီက ဘာစီလိုနာအသင်းနည်းပြရာထူးက မလွယ်ကူဘူးလို့ နည်းပြသစ်ဖြစ်လာမယ့်သူကို သတိပေးစကားပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဇာဗီဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ဘာစီလိုနာအသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားခဲ့တာပါ။

နည်းပြဖြစ်သူ ဇာဗီကိုနှုတ်ဆက်နေသော ဖာမင်း

၂၀၂၁ နိုဝင်ဘာက ဘာစီလိုနာအသင်းကို နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ ဇာဗီဟာ ပြီးခဲ့တဲ့ရာသီက စပိန်လာလီဂါဖလားရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာ အဆင့်(၁)နေရာက ရီးရယ်လ်မက်ဒရစ်အသင်းနဲ့(၁၀)မှတ်အကွာ အဆင့်(၂)နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်အပတ်ထဲမှာ ဂျာမနီလူမျိုးနည်းပြ ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်မှာဖြစ်ပြီး ဇာဗီကတော့ နည်းပြသစ်ကို သတိပေးမှုပြုလုပ်သွားခဲ့တာပါ။

ဇာဗီက “ဘာစီလိုနာအသင်းဟာ ခက်ခဲတဲ့အသင်းဖြစ်ပြီး ဆိုးရွားတဲ့ဘဏ္ဍာရေးအခြေအနေလည်းရှိတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ကျွန်တော်ဒီမှာ လုပ်ပြခဲ့တဲ့အရာတွေအတွက် လုံလောက်တဲ့အသိအမှတ်ပြုမှုမရဘူးလို့ခံစားခဲ့ရပါတယ်” လို့ DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းကစားသမားဘဝမှာ ဆုဖလားအများအပြားရယူခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့သလို နည်းပြဘဝမှာ စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *