ချန်ပီယံရှစ် Play off ဗိုလ်လုပွဲမှာ လိဒ်စ်ကိုအနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဆောက်သမ်တန်အသင်း

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-offs ဗိုလ်လုပွဲ(2024 English Football League play-offs Final)မှာ ဆောက်သမ်တန်အသင်းက လိဒ်စ်ယူနိုက်တက်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်တန်းတက်ခွင့်လက်မှတ်ကို ရယူခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်ကနေ တန်းအတူဆင်းသွားခဲ့ကြတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ လိဒ်စ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ပွဲမှာ လိဒ်စ်အသင်းက ဂိုးသွင်းခွင့်ပိုရခဲ့ပေမယ့် အဆုံးသတ်မသေချာမှုတွေကြောင့် တစ်ဂိုးတောင်ရအောင်မသွင်းနိုင်ဘဲ ပွဲချိန်(၂၄)မိနစ်မှာ ဆောက်သမ်တန်တိုက်စစ်မှူးအဒမ်အမ်းစထရောင်း သွင်းယူခဲ့တဲ့တစ်လုံးတည်းသောဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။

ချန်ပီယံရှစ် Play off ဗိုလ်လုပွဲမှာ အနိုင်ရသွားပြီး တန်းတက်ခွင့်ရလို့ အောင်ပွဲခံနေကြသော ဆောက်သမ်တန် ကစားသမားများ

လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ကြတဲ့ လက်စတာအသင်းနဲ့ အဆင့်(၂)အစ်ဝစ်ချ်အသင်းတို့က တိုက်ရိုက်ဝင်ခွင့်ရထားပြီး အဆင့်(၃၊ ၄၊ ၅၊ ၆)နေရာမှာ ရပ်တည်တဲ့ လိဒ်စ်၊ ဆောက်သမ်တန်၊ ဝက်စ်ဘရွန်း၊ နော်ဝစ်ချ်အသင်းတို့က Play offs ကစားခဲ့ရတာပါ။

ဆောက်သမ်တန်အသင်းဟာ Play offs ဆီမီးဖိုင်နယ်မှာ ဝက်စ်ဘရွန်းအသင်းကို ပထမအကျော့(ဝ-၀)ဂိုး၊ ဒုတိယအကျော့(၃-၂)ဂိုးနဲ့ ကစားကာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာပါ။

ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ လိဒ်စ်အသင်းတို့ရဲ့ Play offs ဖိုင်နယ်ပွဲကို ပရိသတ်(၈၅၈၀၀)ကျော်အထိ လာရောက်အားပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကနေ ၂၀၀၄-၀၅ ရာသီတုန်းက ပထမအကြိမ်တန်းဆင်းခဲ့စဉ်က တန်းပြန်တက်လာဖို့ (၇)ရာသီကြာမြင့်ခဲ့တဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ အခုဒုတိယအကြိမ်တန်းဆင်းခဲ့ရာမှာတော့ တစ်ရာသီအတွင်း တန်းပြန်တက်အောင် ကြိုးစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *