လွတ်ခ်မန်းရဲ့ဟက်ထရစ်ကြောင့် လေဗာကူဆင်ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အတ္တလန်တာ ဗိုလ်စွဲသွားတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ

0

အတ္တလန်တာ(၃-ဝ)လေဗာကူဆင်
(ယူရိုပါလိဂ်ဗိုလ်လုပွဲ)

ဒီရာသီပြိုင်ပွဲစုံမှာ (၅၁)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ လေဗာကူဆင်အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်မန်းရဲ့ဟက်ထရစ်ကြောင့် အီတလီကလပ် အတ္တလန်တာအသင်းကို (ဝ-၃)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။

၂၀၂၁-၂၂ ရာသီယူရိုပါလိဂ် Round of 16 တုန်းကလည်း လေဗာကူဆင်အသင်းကို နှစ်ကျော့စလုံးအနိုင်ကစားခဲ့တဲ့ အတ္တလန်တာအသင်းက ကျစ်လစ်တဲ့ခံစစ်ကစားပုံနဲ့အတူ လေဗာကူဆင်ရဲ့အမှားအယွင်းတွေ၊ အားနည်းချက်တွေကို ကောင်းကောင်းအသုံးချခဲ့ပြီး သင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေသော အတ္တလန်တာအသင်း

ဒီပွဲမှာ လွတ်ခ်မန်းသွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးတွေကို ချေပဖို့ တစ်ပွဲလုံးကြိုးစားခဲ့ရတာကြောင့် လေဗာကူဆင်အသင်းက ဘောလုံးပိုင်ဆိုင်မှု နှစ်ဆလောက်ပိုများခဲ့တယ်ဆိုပေမယ့် ဂိုးသွင်းခွင့်အခွင့်အရေးမှာတော့ အတ္တလန်တာအသင်းကတောင် ပိုရခဲ့ပါတယ်။

အတ္တလန်တာအသင်းက ဂိုးပေါက်တည့်ကန်ချက် (၇)ကြိမ်၊ လေဗာကူဆင်က (၃)ကြိမ်ရခဲ့ပြီး လွတ်ခ်မန်းက လေဗာကူဆင်ဂိုးပေါက်ကို (၃)ကြိမ်ကန်ခွင့်ရခဲ့ရာမှာ (၃)ကြိမ်စလုံးကို ထိမိအားပါတဲ့ကန်ချက်တွေနဲ့ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပွဲချိန်(၁၂)မိနစ်မှာ ပထမဂိုး၊ (၂၆)မိနစ်မှာ ဒုတိယဂိုးသွင်းယူပြီး ဝါရင့်နည်းပြဂတ်စ်ပါရီနီရဲ့အတ္တလန်တာအသင်းက လေဗာကူဆင်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက (၂)ဂိုးအသာရနေပေမယ့် အတ္တလန်တာအသင်းအနေနဲ့ ခံစစ်သေကစားတာမျိုးမဟုတ်ဘဲ လေဗာကူဆင်ဂိုးပေါက်ကို ပြန်ခြိမ်းခြောက်ကစားခဲ့လို့ လေဗာကူဆင်အသင်းဟာ တစ်ဖက်သတ်တိုက်စစ်ဆင်ကစားတာမျိုးမလုပ်နိုင်ဘဲ ပြိုင်ဘက်ကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။

လေဗာကူဆင်ကစားသမားတွေရဲ့ထိုးဖောက်မှုတွေကို အတ္တလန်တာနောက်တန်းက စနစ်တကျကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးပေါက်ကို ထိထိရောက်ရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ တိုက်စစ်ဆင်မှုအတော်များများ အလဟဿဖြစ်ခဲ့ရပါတယ်။ ပွဲချိန်(၇၅)မိနစ်မှာ လွတ်ခ်မန်းက ဟက်ထရစ်သွင်းခဲ့ပြီးနောက်မှာတော့ ပွဲက ပြီးသလောက်ဖြစ်သွားခဲ့ပါတယ်။

ဒီပွဲမှာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုရဲ့လူထုတ်ပုံတွေက ပြောစရာရှိခဲ့ပြီး သူပွဲထွက်အထောင်တိုက်စစ်မှူးအဖြစ် အားကိုးခဲ့တဲ့ မော်ရိုကိုတိုက်စစ်မှူးအက်ဒ်လီက အလုပ်မဖြစ်ခဲ့တာ၊ ကွင်းလယ်အထိတက်ပြီး ကစားစေခဲ့တဲ့ ညာနောက်ခံကစားသမား ဖရင်းပေါင်က အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာ၊ အသင်းရဲ့ဂိုးသွင်းအများဆုံးတိုက်စစ်မှူး ဘွန်နီဖေ့စ်ကို ပထမပိုင်းတစ်ပိုင်းလုံးခေါက်ထားခဲ့ပြီး ဒုတိယပိုင်းမှ ဝင်ကစားစေခဲ့တာတွေက လေဗာကူဆင်အသင်းကို ဂိုးမရဘဲ ရှုံးပွဲတွေ့စေခဲ့တဲ့ အဓိကအကြောင်းအရာတွေဖြစ်ခဲ့ပါတယ်။

လွတ်ခ်မန်းရဲ့ကန်ချက်တွေကို မတားဆီးနိုင်ဘဲ ကန်ခွင့်ပြုခဲ့ရတဲ့ လေဗာကူဆင်နောက်တန်းနဲ့ ဂိုးသမားရဲ့အားနည်းချက်တွေကလည်း ဒီပွဲမှာ လေဗာကူဆင်ကို ဂိုးပြတ်ရှုံးစေခဲ့ပြီး ရှုံးပွဲမရှိ ဖလား(၃)လုံးချန်ပီယံအိပ်မက်ကို ပျက်စေခဲ့ပါတယ်။

စီးရီးအေမှာတောင် ချန်ပီယံမဖြစ်ဖူးသေးဘဲ ၁၉၆၃ ခုနှစ်က ကိုပါအီတာလီယာဖလားတစ်လုံးသာ အဓိကဖလားအဖြစ်ရယူဖူးခဲ့တဲ့ အတ္တလန်တာအသင်းက ဥရောပဖလားတစ်လုံးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *