နစ္စတယ်ရွိုင်းကို မာရက်စ်ကာရဲ့ နေရာမှာ အစားထိုးပြီး နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လက်စတာ စဉ်းစား

0

လက်စတာအသင်းဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်မယ့် နည်းပြ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် PSV အသင်းနည်းပြဟောင်း နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မာရက်စ်ကာဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်(၈)ဦးနဲ့အတူ ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံရကြောင်း မကြာခင်ရက်ပိုင်းအတွင်းမှာ ကြေညာခံရဖွယ်ရှိနေတာပါ။

PSV အသင်းနည်းပြဟောင်း မန်ယူနိုက်တက်ဂန္တဝင် နစ္စတယ်ရွိုင်း

မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၉၇)မှတ်ရယူပေးပြီး ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေမှုတွေစတင်နေပြီး မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ ဘယ်လ်ဂျီယံဂျာနယ်လစ် ဆာချာတာဗိုလီရီက ဖော်ပြထားတာပါ။

နစ္စတယ်ရွိုင်းဟာ နယ်သာလန်အသင်းမှာ လက်ထောက်နည်းပြအဖြစ်(၂)ကြိမ်ဆောင်ရွက်ခဲ့ပြီး PSV လူငယ်အသင်းတွေမှာလည်း နည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ အသင်းကြီးနည်းပြအဖြစ် ၂၀၂၂-၂၃ ရာသီမှာ PSV အသင်းကို ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်ဖလားရယူပေးခဲ့ပေမယ့် သူ့ကိုပံ့ပိုးပေးမှုအားနည်းတာကြောင့် တစ်ရာသီကြာသာ ကိုင်တွယ်အပြီးမှာ ထွက်ခွာခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်ကို ပြန်လာကာ နည်းပြအဖြစ်ဆောင်ရွက်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားခဲ့ပါတယ်။

ဒါပေမယ့် နစ္စတယ်ရွိုင်းဟာ စပိန်ကလပ်တွေကို ဦးစားပေးကိုင်တွယ်ချင်နေပြီး စပိန်ကလပ်တွေနဲ့ စကားပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ အဲ့ဒါကြောင့် နစ္စတယ်ရွိုင်းအနေနဲ့ လက်စတာအသင်းက သူ့ကို နည်းပြသစ်အဖြစ် ချဉ်းကပ်လာရင် လက်ခံမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *