လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီလို့ သတင်းထွက်

0

လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကိုဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်းလက်ထဲကနေ ရယူနိုင်အောင် ကစားသမားသစ်တွေဖြည့်တင်းဖို့ အခုကတည်းက ပြင်ဆင်နေပြီး တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ဆက်စ်ကိုခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။

ဆက်စ်ကိုကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်(၂)သင်းကို အသာရပြီး ဆက်စ်ကိုကို ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ဟာ ပေါင်(၄၃)သန်းရှိတယ်လို့ အရင်သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုတွေကြောင့် ပေါင်(၆၄)သန်းအထိ မြင့်တက်လာနိုင်တာပါ။

အာဆင်နယ်အသင်းဟာ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းသာပေးဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲကစားပြီး (၁၈)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ လိုက်ပ်ဇစ်အသင်းဟာ ၂၀၂၈ အထိစာချုပ်ရှိနေတဲ့ ဆက်စ်ကိုကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ဆက်စ်ကိုကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။

ဆက်စ်ကိုဟာ လက်ရှိအချိန်မှာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ဖို့ စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်မယ့် ဆလိုဗေးနီးယားအသင်းနဲ့အတူ ရှိနေတာကြောင့် ဒီပြိုင်ပွဲအပြီးမှသာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *