ဘဏ္ဍာရေးအခြေအနေကြောင့် ဟန်ဆီဖလစ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ဘာစီလိုနာ စာရင်းသွင်းနိုင်ခြင်းမရှိ

0

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေဖြစ်နေတာကြောင့် ဂျာမနီလူမျိုးနည်းပြ ဟန်ဆီဖလစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကလပ်ရဲ့နည်းပြအဖြစ် တရားဝင်စာရင်းသွင်းနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ဇာဗီကို နည်းပြရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခန့်အပ်ခဲ့တာပါ။

ဘာစီလိုနာအသင်း နည်းပြသစ် ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းဟာ ဟန်ဆီဖလစ်ကို (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် လာလီဂါမှာ သူ့ကိုနည်းပြအဖြစ် စာရင်းသွင်းရခြင်းမရှိသေးဘူးလို့ မာကာသတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်းမှာလည်း ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကစားသမားတွေကို စာရင်းသွင်းမှုပြုလုပ်ဖို့ စောင့်ဆိုင်းခဲ့ရတာရှိခဲ့တဲ့အတွက် ဒီလိုမျိုးကြုံတွေ့ရတာဟာ သူတို့အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့(၂)နှစ်က ဘဏ္ဍာရေးအခြေအနေအလွန်ဆိုးရွားခဲ့တာကြောင့် ဘာကာစတူဒီယိုရဲ့(၄၉)ရာခိုင်နှုန်းကို ရင်းနှီးမြုပ်နှံသူတွေဆီ ရောင်းချပြီး ဖြေရှင်းခဲ့ရတာတွေရှိခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ဒီအချိန်က ဘာကာစတူဒီယိုရဲ့(၄၉)ရာခိုင်နှုန်းကို ဝယ်ယူသွားခဲ့တဲ့ Libero ဆီကနေ ပေါင်(၈၅.၅)သန်းပေးချေမှုကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ Nike နဲ့လည်း ဒီလိုတူညီတဲ့စျေးနှုန်းနဲ့ သဘောတူညီမှုကို ကြေညာနိုင်ဖို့လည်း မျှော်လင့်နေတာပါ။

ဒီငွေပေးချေမှုတွေသာ ရခဲ့ရင် ဘာစီလိုနာအသင်းဟာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်လို့ ယူဆထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားခဲ့တဲ့ နည်းပြဇာဗီက နောက်ဆုံးပွဲဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ပွဲကို ကိုင်တွယ်အပြီးမှာ နည်းပြသစ်ဖြစ်လာမယ့် ဟန်ဆီဖလစ်အနေနဲ့ ကလပ်ရဲ့ဘဏ္ဍာရေးကန့်သတ်မှုတွေကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပြီး စိတ်ရှည်ဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *