တစ်ချိန်က လာလီဂါကြယ်ပွင့်တွေ လွှမ်းမိုးလာတဲ့ အင်တာမိုင်ယာမီ

0

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ တစ်ချိန်က ဘာစီလိုနာအသင်းမှာ လက်တွဲညီညီကစားခဲ့တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ ဆာဂျီယိုဘူးစကွက်စ်၊ ဂျော်ဒီအယ်လ်ဘာအစရှိတဲ့ ကစားသမားတွေ ကစားနေပြီး အသင်းကို ပူးတွဲပိုင်ဆိုင်ထားသူကတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်းဒေးဗစ်ဘက်ခမ်ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းကို လာလီဂါမှာ ကစားသမားဘဝဖြတ်သန်းခဲ့သူတွေ လွှမ်းမိုးနေရာယူထားတာ မပြီးဆုံးသေးပါဘူး။

မကြာခင်အချိန်အတွင်း လာလီဂါမှာ ကစားခဲ့ကြတဲ့ ကစားသမားဟောင်းတွေ (တစ်နည်းအားဖြင့်) တစ်ချိန်ကလာလီဂါကြယ်ပွင့်တွေ အင်တာမိုင်ယာမီအသင်းကို ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်။

ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲတော့မယ့် ရီးရဲလ်မက်ဒရစ်ဝါရင့်နောက်ခံလူ နာချိုဖာနန်ဒက်စ်

ဒီကစားသမားတွေကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားတောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာနဲ့ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လမ်းခွဲမယ့် အသင်းခေါင်းဆောင် နာချိုတို့ပဲ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းနဲ့ လမ်းခွဲမယ့် ဒီမာရီယာကို ခေါ်ယူဖို့ အင်တာမိုင်ယာမီအသင်းတာဝန်ရှိသူတွေနဲ့ သူ့ကိုယ်စားလှယ်တွေဆွေးနွေးနေပြီး လက်ရှိမှာ ဒီမာရီယာကိုယ်တိုင်လည်း သူ့ရဲ့မိသားစုနဲ့အတူ နွေရာသီအပန်းဖြေခရီးအဖြစ် အမေရိကန်နိုင်ငံကို သွားရောက်ကာ မိုင်ယာမီမှာ အနားယူမှာဖြစ်ကြောင်းသိရပါတယ်။

ဒီမာရီယာအနေနဲ့ သူ့နဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် မက်ဆီနဲ့ အတူတွဲကစားဖို့ အလိုရှိနေပြီး ဒီအသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့လည်း နီးစပ်သူတွေက ဆိုကြပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ရီးရဲလ်မက်ဒရစ်အသင်းမှာ မြှုပ်နှံခဲ့တဲ့ နာချိုကိုလည်း အင်တာမိုင်ယာမီအသင်းတာဝန်ရှိသူတွေက အလိုရှိနေပြီး ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ နောက်ခံလူ နီကိုလပ်စ်ဖရိုင်ယာရီနေရာမှာ အစားထိုးဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဒါကြောင့် အင်တာမိုင်ယာမီအသင်းမှာ လာလီဂါအတွေ့အကြုံရင့် ကြယ်ပွင့်ကစားသမားတွေ ပိုမိုလွှမ်းမိုးလာတာကို တွေ့မြင်ရမှာဖြစ်ပြီး ဘာစီလိုနာကစားသမားဟောင်းတွေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းတွေ စုစုစည်းစည်းကစားပြီး အသင်းကို အောင်မြင်မှုတွေရယူပေးနိုင်မလားဆိုတာ ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *