ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ မော်ရင်ဟို သဘောတူညီမှုရရှိ

0

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်ချုပ်ဆိုကာ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

မော်ရင်ဟိုဟာ နည်းပြ အစ္စမေးလ်ကာတဲလ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ဖီနာဘာချီအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်သွားမှာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းအချို့ရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဆော်ဒီကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေပေမယ့် တူရကီကို လာရောက်ဖို့ ရွေးချယ်သွားခဲ့တာပါ။

မော်ရင်ဟိုဟာ မကြာသေးခင်က သူဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မယ်လို့ ပြောခဲ့တဲ့အတိုင်း ဖီနာဘာချီအသင်းကို ကိုင်တွယ်ပြီး နည်းပြခုံတန်းအပေါ် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ဟာ စာချုပ်ကိစ္စအပြီးသတ်လုပ်ဖို့ လုပ်ဆောင်နေတာကြောင့် မကြာခင်မှာ ဖီနာဘာချီအသင်းဘက်က တရားဝင်ကြေညာလာဖို့ ရှိနေတာပါ။

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ဂါလာတာစာရေးအသင်းရဲ့နောက် အဆင့်(၂)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဖီနာဘာချီအသင်းဟာ ဒီတစ်ကြိမ်အပါအဝင် နောက်ဆုံး(၃)နှစ်ဆက်တိုက် တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *