မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ချယ်လ်ဆီး အသင်းကြေညာ

0

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်အောင်ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မာရက်စ်ကာကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်မာရက်စ်ကာကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်အပါအဝင် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ မာရက်စ်ကာကို ခေါ်ယူခဲ့တဲ့အတွက် လက်စတာအသင်းကို လျော်ကြေးပေါင်(၁၀)သန်းဝန်းကျင်ပေးချေခဲ့ရပါတယ်။ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့ တစ်ရာသီတည်းကိုင်တွယ်ပြီး နှစ်ဦးသဘောတူလမ်းခွဲခဲ့တဲ့ နည်းပြ ပိုချက်တီနိုရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး နည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။ အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ ဇူလိုင်(၁)ရက်ကစတင်ကာ ချယ်လ်ဆီးအသင်းနည်းပြရာထူးကိုတာဝန်ယူရသွားတော့မှာဖြစ်ပါတယ်။

မာရက်စ်ကာက “ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်တွေထဲက တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ဆိုတာ နည်းပြတိုင်းအတွက် အိပ်မက်တစ်ခုပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ ကလပ်ရဲ့အောင်မြင်မှုအစဉ်အလာကို ဆက်ထိန်းသိမ်းပြီး ပရိသတ်တွေဂုဏ်ယူရတဲ့ အသင်းဖြစ်အောင်လုပ်ဆောင်မယ်”လို့ ချယ်လ်ဆီးဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

မာရက်စ်ကာဟာ တော့ဒ်ဘိုလေးဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင်အစုအဖွဲ့လက်ထဲမှာ (၄)ဦးမြောက်နည်းပြဖြစ်ခဲ့သလို နောက်ဆုံး(၅)နှစ်အတွင်း ကလပ်ရဲ့(၆)ဦးမြောက်နည်းပြဖြစ်လာခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နေရာရပ်တည်ခဲ့ကာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *