ဘာပေရဲ့အပြောင်းအရွှေ့ကြေညာအပြီးမှာ ရီးရဲလ်မက်ဒရစ် ဝက်ဘ်ဆိုက်ကျသွားခဲ့

0

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေရဲ့အပြောင်းအရွှေ့ကို ကြေညာအပြီးမှာ သူတို့ရဲ့ဝက်ဘ်ဆိုက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကို တရားဝင်ကြေညာခဲ့တာပါ။ ဒီအပြောင်းအရွှေ့ကို ကြေညာအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေနဲ့ ဘောလုံးပရိသတ်အများအပြားဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုမှုတွေကြောင့် ဝက်ဘ်ဆိုက် ကျသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို ခေါ်ယူဖို့အတွက် နှစ်ပေါင်းများစွာကြာကြိုးစားခဲ့ပေမယ့် ဘာပေဟာ PSG အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမှုတွေကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ စောင့်ဆိုင်းခဲ့ရတာပါ။ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာပေဟာ PSG အသင်းမှာ တစ်နှစ်ကို ယူရို(၂၅)သန်းရရှိပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းမှာ လုပ်ခလစာလျှော့ယူဖို့ သဘောတူညီခဲ့ပြီး တစ်နှစ်ကို ယူရို(၁၅)သန်းရရှိမှာပါ။ ဒါပေမယ့် ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ လက်မှတ်ထိုးကြေး ယူရိုသန်း(၁၅၀)ကို စာချုပ်ချုပ်ထားတဲ့ (၅)နှစ်အတွင်း ရရှိမှာဖြစ်သလို သူ့ရဲ့ပုံရိပ်အသုံးပြုခွင့်တွေကလည်း ဝင်ငွေတွေရရှိမှာဖြစ်ပါတယ်။

ဘာပေကတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့နိုင်ခဲ့တာဟာ သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပြီး ဒီအချိန်မှာ သူဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ဘူးလို့ သူ့ရဲ့Instagram မှာ ရေးသားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *