ဘရုနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သူ့ရဲ့အေးဂျင့်နဲ့ ဘိုင်ယန်မြူးနစ်အသင်း ဆွေးနွေး

0

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။

စိတ်ပျက်စရာကောင်းခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ လက်ရှိလူစာရင်းကို ပိုပြီးအားကောင်းစေဖို့အတွက် ကစားသမားသစ်တွေဖြည့်တင်းချင်နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘန်လေအသင်းက ထွက်ခွာခဲ့တဲ့ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက် အပြောင်းအရွှေ့လှုပ်ရှားမှုတွေ စတင်လာခဲ့တာပါ။ O Jogo က ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကွန်ပနီလက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အပြောင်းအရွှေ့အတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူ ပင်ဟိုကို ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အပြောင်းအရွှေ့အတွက် အလျင်အမြန်လှုပ်ရှားလာခဲ့တာပါ။ မန်ယူနိုက်တက်အသင်းကို နည်းပြ အဲရစ်တန်ဟတ်ဆက်ပြီး တာဝန်ယူမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်ကလည်း မရေမရာဖြစ်နေပါတယ်။

ဘရူနိုဖာနန်ဒက်စ်က သူဟာ မန်ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိချင်တယ်လို့ ပြောထားပေမယ့် ကလပ်အနေနဲ့ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။ ဘရူနိုဖာနန်ဒက်စ်ရဲ့စာချုပ်ဟာ ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပေမယ့် မန်ယူနိုက်တက်အသင်းက နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *