ဗာရန်း၊မာရှယ် အပါအဝင် ကစားသမား(၇)ဦးနဲ့ လမ်းခွဲကြောင်း မန်ယူနိုက်တက် ကြေညာ

0

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အသင်းကထွက်ခွင့်ပြုမယ့် ကစားသမား(၇)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။

လက်ရှိနည်းပြတန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဝေေ၀ဝါးဝါးဖြစ်နေသေးပေမယ့် အသင်းက ကစားသမားတချို့ကိုတော့ ဆက်လက်လက်တွဲတော့မှာမဟုတ်ကြောင်း မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။

မန်ယူနိုက်တက်အသင်းအတည်ပြုတဲ့အထဲမှာ သတင်းတွေ ကြိုတင်ထွက်ရှိထားတဲ့အတိုင်း ပြင်သစ်နောက်ခံလူဗာရန်းနဲ့ ပြင်သစ်တိုက်စစ်မှူးမာရှယ်တို့ ပါဝင်ခဲ့ပါတယ်။

ဒီကစားသမားတွေက ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမတိုင်ခင်ကတည်းက အသင်းက ထွက်တော့မယ်လို့ အတည်ပြုပြောဆိုထားပြီး ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကို ကွင်းထဲမှာ နှုတ်ဆက်ခဲ့ကြတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။

အစောပိုင်းကတည်းက ကစားသမားတွေဘက်က ကြေညာခဲ့ပေမယ့် အခုမှ ကလပ်အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ကျန်ကစားသမားတွေကတော့ ပြီးခဲ့တဲ့ရာသီက အစ်ဝစ်ချ်အသင်းကို အငှားချခဲ့တဲ့ နောက်ခံလူ ဘရန်ဒွန်ဝီလီယံစ်၊ မနယူနိုက်တက် ယူ-၂၁ အသင်းရဲ့ကစားသမား-နည်းပြအဖြစ် တာဝန်ယူထားတဲ့ ဟက်ဒယ်စတုန်း၊ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ မားကပ်စ်လောရန့်၊ ချာလီမက်နေး၊ ကီးပလန်လေးတို့ ဖြစ်တယ်လို့ဆိုပါတယ်။

အသင်းရဲ့ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်(၃၆ နှစ်)နဲ့ ဝါရင့်ဂိုးသမားတွမ်ဟီတန်(၃၈ နှစ်)တို့ကို စာချုပ်သက်တမ်းတိုးဖို့ အသင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပြီး အသင်းမှာ နောက်တစ်ရာသီ ဆက်ရှိနေမှာပါ။

လက်ရှိမှာ မန်ယူနိုက်တက်အသင်းက ကစားသမားတချို့ကို ခေါ်ယူဖို့ အခြားအသင်းတွေဆီက ပစ်မှတ်ထားမှုတွေရှိနေပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ပေါင်သန်း(၁၅၀)နဲ့ တရားဝင်ကမ်းလှမ်းဖို့ ပြင်နေကြောင်း သတင်းတွေထွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *